Home သတင်း ပရဟိတ သမားများနှင့် ၎င်းတို့ ကူညီပေးနေသည့် ပြည်သူများကို ကာကွယ်ပေးရန် ကုလပြော

ပရဟိတ သမားများနှင့် ၎င်းတို့ ကူညီပေးနေသည့် ပြည်သူများကို ကာကွယ်ပေးရန် ကုလပြော

740
Photo: ( ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့တွင် တောင်ငူမြို့နယ် ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်ရင်း အသက်ပေးသွားသည့် ပရဟိတလူငယ်)

ဩဂုတ် ၂၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတွင် လူမှုကူညီရေးလုပ်ဆောင်ပေးနေသူ ပရဟိတ သမားများနှင့် ၎င်းတို့ ကူညီပေးနေသည့် ပြည်သူ များကို ကာကွယ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူး မစ္စတာ မိုက်ကယ်ဒန်ဖို့ဒ်က ပြောဆို လိုက်သည်။

လူမှုကူညီမှု လုပ်ဆောင်ပေးနေသူ ပရဟိတ သမားများသည် လူသန်းပေါင်းများစွာဆီ အရေးကြီးသည့် အကူအညီ များ ရောက်အောင် ကြိုးစားလုပ်ဆောင်နေသူများဖြစ်ပြီး သို့သော်၎င်းတို့ ကြုံတွေ့နေရသည့် အန္တရာယ် များသည် တိုးပွားလာနေသည်ဟု ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှုနေ့အတွက် ကုလသမဂ္ဂ၏ သဘောထား ထုတ်ပြန်ချက်၌ ၎င်းက ယခုလို တိုက်တွန်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“သူတို့ ကြုံတွေ့နေရတဲ့ အန္တရာယ်တွေကတော့ တိုးပွားလာနေပါတယ်။ အခုနှစ် ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာ အထိမ်းအမှတ်နေ့မှာ လူမှုကရုဏာလုပ်သားတွေနဲ့အတူ သူတို့ အကူအညီပေးအပ်နေတဲ့ ပြည်သူတွေကိုပါ ကာကွယ် စောင့်ရှောက်ပေးဖို့ မိမိတို့ တောင်းဆိုလိုက်ပါတယ်” ဟု မစ္စတာ မိုက်ကယ်ဒန်ဖို့ဒ်က ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ၊ တိုက်ပွဲများနှင့် သဘာဝဘေး ကြုံတွေ့နေသည့် နေရာများတွင် ပြည်သူများအတွက် လုံခြုံရေးနှင့် အကာအကွယ်ပေးရေး လိုအပ်နေပြီး စိန်ခေါ်မှုများစွာ ကြုံတွေ့နေရကြောင်း၊ အရပ်သားများ အကြမ်းဖက်တိုက်ခိုက်ခံရခြင်း၊ လက်နက်ကိုင်တပ်ဖွဲ့နှင့် အရပ်သား မခွဲခြားဘဲ တိုက်ခိုက်နေမှုများ တိုးပွားလာနေသည်ဟု ဩဂုတ် ၂၃ ရက်နေ့ ကုလ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယခုလို အခြေအနေမျိုးတွင် ရှေ့တန်းမှ လူမှုကူညီရေးလုပ်ဆောင်နေသူများလည်း အန္တရာယ်များပို၍ ကြုံတွေ့ နေရပြီး မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်တွင် လူမှုကူညီရေးလုပ်ဆောင်နေသူ ၉ ဦး သေဆုံးခဲ့ပြီး တချို့ ဖမ်းဆီးခံရခြင်း နှင့် ထိခိုက်ဒဏ်ရာရသွားသူများလည်း ရှိကာ အကူအညီလိုအပ်နေသည့် ပြည်သူများကို ကူညီပေးရန် တားမြစ် ခံနေရသည်ဟု ကုလ သဘောထားထုတ်ပြန်ချက်၌ ထောက်ပြထားသည်။

ကမ္ဘာပေါ်တွင် လူမှုကူညီရေးလုပ်ဆောင်နေသည့် ပရဟိတ သမားများကို ဂုဏ်ပြုရန်နှင့် ကူညီရေးလုပ်ငန်းများ အကြောင်း အသိပညာပေးမြှင့်တင်ရန် ရည်ရွယ်၍ ၂၀၀၈ ခုနှစ်တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ က နှစ်စဉ် ဩဂုတ် ၁၉ ရက်နေ့ကို ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနားထောက်ထားခြင်းနေ့ အဖြစ်သတ်မှတ် ခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်တွက် လှုပ်ရှားမှုအဖြစ် ပဋိပက္ခဇုန်များရှိ အရပ်သားများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်သမားများအား အကာအကွယ်ပေးသည့် ဥပဒေများကို လိုက်နာရန် အာဏာရှိသူများကို ဖိအားပေးရန် လူထုထောက်ခံမှုများကို စုစည်းသွားမည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။