သြဂုတ် ၁၂ ရက်၊ ၂၀၂၅ ခုနှစ်၊ ကေအိုင်စီ
တော်လှန်ရေးဘုံရည်မှန်းချက်များ အောင်မြင်စေရန် လမ်းကြောင်းသည် လက်တစ်ကမ်းအကွာ ရောက်ရှိနေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ (သြဂုတ် ၁၂) က ကျရောက်သည့် ၇၅ နှစ်မြောက် ကရင်အာဇာနည်နေ့အတွက် ပေးပို့သော ဂါဝရပြု သဝဏ်လွှာ၌ ပြောဆိုထားသည်။
ကရင်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် အခြား တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ဝင်များသည် စည်းလုံးညီညွတ်စွာ လက်တွဲ၍ ဉာဏ်မြေကတုတ်ဖြင့် အားထုတ်ဆောင်ရွက်မှုကြောင့် တော်လှန်ရေး၏ ဘုံရည်မှန်းချက်များ အောင်မြင်မှုသည် မဝေးတော့ သည့် အနာဂတ်အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း NUG က ထိုကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။
ယနေ့ နွေဦးတော်လှန်ရေး လေးနှစ်ကျော်ကာလအတွင်း စစ်အာဏာရှင်စနစ်ကို အဆုံးသတ်စေရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် မြန်မာပြည်တစ်ဝန်းလုံးရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်မတော်များသည် အတူတကွ လက်တွဲ၍ ကြံ့ခိုင်စွာ တိုက်ပွဲဝင် ဆောင်ရွက်နေကြောင်း ဆိုသည်။
ထို့အပြင် ကရင်အာဇာနည်ကြီးများ၏ အသက်၊ သွေး၊ ချွေးနှင့် အနစ်နာခံ ပေးဆပ်မှုများနှင့်အတူ ကရင်တိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့် စုပေါင်းညီညွတ်စွာဖြင့် ကရင်တော်လှန်ရေး၏ ရည်မှန်း ချက်များကို အောင်မြင်စွာ ဖော်ဆောင်နိုင်ပါစေကြောင်း ဆန္ဒပြုထားသည်။
ထို့အတူ လွန်ခဲ့သော နှစ်ပေါင်း (၇၀) ကျော်ကတည်းက ကရင်အမျိုးသားခေါင်းဆောင် ဥက္ကဋ္ဌ စောဘဦးကြီးက ချမှတ်ထားသော လမ်းညွှန်မူ (၄) ချက်ကို ယနေ့အထိ မဆုတ်မနစ်ကိုင်တွယ်လိုက်နာပြီး တော်လှန်ရေးတွင် ဦးဆောင်ပါဝင်နေသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် လေးစားဂုဏ်ပြုကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။



















