Home သတင်း မြဝတီ ကုန်ကားများ ဖမ်းဆီး ငွေတောင်းများ၍ ကုန်ပစ္စည်းသယ်ဆောင်သည့် လုပ်ငန်းတချို့ရပ်နား

မြဝတီ ကုန်ကားများ ဖမ်းဆီး ငွေတောင်းများ၍ ကုန်ပစ္စည်းသယ်ဆောင်သည့် လုပ်ငန်းတချို့ရပ်နား

1265
Photo: CJ

ဩဂုတ် ၁၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှ ဆင်းလာသည့် ကုန်ကားများကို ယခု ဩဂုတ် လအတွင်း တရားမဝင်ကုန်စည် စစ်ဆေးဖမ်းစီးမှုများလာသလို လမ်းတလျှောက် ဂိတ်ကြေး အဆမတန် ကောက်ယူနေမှု များကြောင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်သည့် လုပ်ငန်း တချို့ ရပ်နားထားနေရသည်ဟု သိရသည်။

အာဏာသိမ်း စစ်တပ်က ထိုင်းမှဝင်လာသည့် ကုန်ပစ္စည်းများကို စစ်ဆေးဖမ်းဆီးမှု အရှိန်မြင့် လုပ်ဆောင်နေ သလို လမ်းကြောင်းတစ်လျှောက်တွင်လည်း လက်နက်ကိုင် အဖွဲ့စုံ ဂိတ်ကြေး အဆမတန် တောင်းယူနေသည့် အတွက် တွက်ခြေမကိုက်သည့်အတွက် ကုန်စည်သယ်ဆောင်ပေးနေသည့် လမ်းငန်းတချို့ ရပ်နားထားရခြင်း ဖြစ်သည်ဟု မြဝတီကုန်ကားငှား လုပ်ငန်းရှင်များ၏ ပြောဆိုချက်အရ သိရသည်။

“မြဝတီကုန်ကားတွေ အောက်ဘက်ဆင်းတင် ရတာနဲ့ ဂိတ်ကြေးနဲ့က စျေးမကိုက်တော့ဘူး၊ ကားတစ်စီးဖားအံ ကိုရောက်ဖို့က သိန်းတစ်ရာဝန်းကျင် ကုန်နေပြီး ၊ အရင်က ၅၀ လောက်ဘဲကုန်တယ်” ဟု ကုန်ကား မောင်နေသူ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ကုန်ကားများကို ယခင်က ဖာအံရောက်မှ ဖမ်းဆီးစစ်ဆေးမှုရှိသော်လည်း လက်ရှိအချိန်တွင် စစ်အုပ်စုက ကုန်ကားများကို ကျုံဒိုးအထိ လာရောက် ဖမ်းဆီးနေသည့်အတွက် ဖမ်းဆီးခံရပါက ပြန်ရွေး၍ မရတော့သည့် အနေအထားတွင်ရှိကြောင်းလည်း အဆိုပါယာဉ်မောင်းက ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ် ၉ ရက်နေ့ကလည်း ဖားအံမြို့သို့ ပြန်ဆင်းရန် ဒူရိန်ရွာနှင့် သာမည ကြားရှိ ရောက်ရှိနေသည့် ကုန်ကားများကို စစ်ကောင်စီတပ်နှင့် လက်အောက်ခံဌာနဆိုင်ရာများက တက်ရောက်ဖမ်းဆီးပြီး ကုန်ကား ၅၃ စီး ဖမ်းဆီး သယ်ဆောင်သွားကြောင်းလည်း အခြေအနေကိုသိထားသူ ဒေသခံ သတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။

Photo: CJ

ထိုသို့ ကုန်ကားဖမ်းဆီးမှုများမကဘဲ ဖားအံမြို့ရှိ ထိုင်းကုန်စည် လက်လီလက်ကား ရောင်းချသည့် ကုန်စုံပွဲရုံများ၊ ဂိုဒေါင်များ၊ ကုန်တင်ကုန်ချ ပို့ဆောင်သည့် ကုန်ကားခြံဝင်းများကိုလည်း စောင့်ကြည့် ရှာဖွေဖမ်းဆီး စစ်ဆေးမှု ဆက် တိုက်လုပ်ဆောင်နေကြောင်းလည်း သိရသည်။

“အခုတလော ဖားအံမှာ အိမ်တွေ ခြံတွေ အထိပါ လိုက်ဖမ်းနေတယ်။ ထိုင်းကုန်မှောင်ခိုတွေ့ရင် သတင်းပေးရင် ဆုကြေးပေးတယ်ဆိုတော့ သတင်းပေးတွေ ခြေရှုတ်နေကြတယ်။ မှောင်ခို ခေတ်လို ပြန်ဖမ်းနေတော့ အိမ်စီးကား လည်း ထိုင်းကုန်ပစ္စည်းသယ်လို့မရဘူ၊ အိတ်စပက်(ခရီးသည်တင်ယာဉ်) ကားလည်း ခရီးသည်ဝယ်လာတဲ့ ထိုင်း ကုန်မုန့်တို့ အချိုရည်တို့တောင် ပေးမတင်တော့ဘူး တစ်ဖာ၊ နှစ်ဖာနဲ့ လည်းကားရော လူရောဖမ်းခံ၊ ရစ်ခံထိတာမို့ မသယ်ကြတော့ဘူး” ဟု ခရီးသည်တင် ကားမောင်းသူတစ်ဦး ပြောသည်။

ထို့အပြင် ထိုင်းနယ်စပ် မြဝတီမြို့ရှိ ထိုင်းကုန်စည်ကမ်းကူး ဂိတ်များတွင် ကုန်စည်ကူးသန်းမှုလျော့နည်းနေပြီး စားသောက်ကုန်မှအပ ကျန်သည့် ကုန်ပစ္စည်းများဖြစ်သည့် ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်မှု ကုန်ကြမ်း ပစ္စည်း၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်း များကို အကောက်ခွန်မဲ့ တင်သွင်းသည့် ကုန်သည်များ လုပ်ငန်း ရပ်နားထား ကြောင်း သိရသည်။

ဇွန်လမှ ယခုဩဂုတ်အထိ ဖားအံမြို့နယ်ထဲတွင် ဖမ်းဆီးထားသည့် ကုန်ကား အစီးရေ ၂၀၀ ကျော်ရှိပြီး ထိုကား များကို ဖားအံမြို့ သီရိကွင်း၊ ပြည်နယ်ရဲဝင်း၊ အကောက်ခွန်ယာဉ်၊ကုန်စစ်ဝင်းများတွင် ဖမ်းဆီးထိန်းသိမ်းထား ကြောင်း သိရသည်။