Home သတင်း စစ်ကောင်စီ စစ်ကြောင်းအား တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်၊ ၄ ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းရမိ

စစ်ကောင်စီ စစ်ကြောင်းအား တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်၊ ၄ ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းရမိ

594
Photo: MSRF

ဩဂုတ် ၆ ရက်၊ ၂၀၂၅ ။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ နတ်အိမ်တောင်စခန်းသို့ စစ်ကူလာသည့် စစ်ကောင်စီ စစ်ကြောင်းအား တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာတွင် ၄ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း မွန်ပြည်တော် လှန်ရေးတပ် (MSRF) က ထုတ်ပြန်သည်။

ဩဂုတ်လ ၄ ရက်နေ့က ကလိန်အောင်မြို့အရှေ့ဘက်ရှိ နတ်အိမ်တောင်စခန်းသို့ အင်အား ၆၀ ဝန်းကျင်ဖြင့် အင်အားဖြည့်လာသော စစ်ကောင်စီ စစ်ကြောင်းကို MSRF နှင့် ပူးပေါင်းတော်လှန် ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၄၅ မိနစ်ခန့် ကြာမြင့်ခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်သူအနက် ၃ ဦးကို စစ်ကောင်စီတပ်သားများက ပြန်လည် ယူဆောင်သွားခဲ့သော်လည်း တစ်ဦးက ကျန်ခဲ့ကြောင်း MSRF က ပြောသည်။

“စစ်ကောင်စီ စစ်ကြောင်းက ပြန်ပြီးတော့ ဆုတ်ခွာသွားပါတယ်။ စစ်ကောင်စီဘက်ခြမ်းက (၄) ဦး သေဆုံးခဲ့ပြီးတော့ (၃) ဦးကို ပြန်ပြီး အလောင်းလာကောက်သွားတယ်။ တစ်ဦးကတော့ ကျန်ခဲ့ပါတယ်။ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဘက်ကနေ (၂) ယောက် မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ပါတယ်” ဟု MSRF ပြောရေးဆိုခွင့်ရှိသူ မိတလညဏ်က ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့များက MA-4 တပ်သုံးထောက်တစ်လက်၊ ၆၀ မီလီမီတာဗုံးသီး ၄ လုံး၊ အီနာဂါဗုံးသီး ၂ လုံး၊ MA ကျည်ဘောက် ၇ ခုနှင့် MA ကျည် ၁၀၀ ကျော်ကို သိမ်းဆည်း နိုင်ခဲ့ကြောင်းလည်း MSRF က ထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့်အတူ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၆)၊ ရာမညမွန်တပ်‌‌တော် (R.M.A)၊ ဒေါနစစ်ကြောင်း – ၂ (YGF)၊ ဒေါနစစ်ကြောင်း – ၃ (KBDF)၊ ဗျူဟာ (၃၃) ဒေါနစစ်‌ကြောင်းနှင့် ကြယ်လင်းရောင်တပ်ရင်း (KTLA) တို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။