Home သတင်း ဖားအံမြို့တွင် လိုင်စင်မဲ့ယာဉ်များ ပြန်စီးခွင့်ပြု

ဖားအံမြို့တွင် လိုင်စင်မဲ့ယာဉ်များ ပြန်စီးခွင့်ပြု

1568
Photo: CJ

ဩဂုတ် ၆၊ ၂၀၂၅ ခုနှစ် | ကေအိုင်စီ

ကရင်ပြည်နယ် အာဏာသိမ်း စစ်အုပ်စုက ဖားအံနှင့် လှိုင်းဘွဲမြို့များ၌ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များအား ဖမ်းဆီးမှုများ ရပ်ဆိုင်းလိုက်ပြီး ပြန်လည်စီးနင်းခွင့်ပြုထားကြောင်း ဒေသခံများထံမှ သိရသည်။

ဖားအံမြို့ရှိ လုပ်ငန်းရှင်တစ်ဦးက “ဝစ်သောက်(လိုင်စင်မဲ့)ကား၊ ဆိုင်ကယ်တွေကို မဖမ်းတော့ပါဘူး။ ကျနော်တို့လည်း ပြန်စီးနေပြီ။ အိမ်ကကားတွေ ဆိုင်ကယ်တွေဂိတ်ချတဲ့လမ်းတော့မသွားဘူးပေါ့၊ ရှောင်မောင်းရတာပေါ့။ ယာဥ်ထိန်းတွေကလည်း ရွာကလူ၊ မြို့ကလူအခြေ အနေကြည့် ပြီးစစ်တယ်မေးတယ်။ ဘယ်သွား၊ ဘာလာလုပ် ဒါလောက်ပါပဲ။ ” ဟု ပြောသည်။

လတ်တလောတွင် အာဏာသိမ်း စစ်အုပ်စုက ရွေးကောက်ပွဲဆိုင်ရာ စည်းရုံးရေးလုပ်ငန်းများ ပြုလုပ်နေရာမှ လိုင်စင်မဲ့ယာဉ်များအား ဖမ်းဆီးမှု မပြုဘဲ လုံခြုံရေးအရ စစ်ဆေးမှုများသာ ပြုလုပ်နေကြောင်း သိရသည်။

“ရွေးကောက်ပွဲစည်းရုံးရေးအတွက် ရုံးများပြန်ဖွင့်တာ၊ ပါတီဝင်အသစ်တွေ စုဆောင်းတာတွေ လုပ်ဆောင်နေပါတယ်။ ကြံ့ခိုင်ရေးအဖွဲ့နဲ့ ကရင်ပါတီတွေကလည်း ဆရာတော်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်နေကြတာမို့ ယာဉ်ဖမ်းမှုမျိုး မရှိတော့ဘူး” ဟု ကြံ့ခိုင်ရေးပါတီနှင့် နီးစပ်သူ ဖားအံမြို့ခံ တစ်ဦးက ပြောသည်။

Photo: CJ

ဇူလိုင်လအတွင်း၌လည်း စစ်အုပ်စုက ဖားအံ၊ လှိုင်းဘွဲနှင့် မြဝတီမြို့များ၌ ရေဘေးဒုက္ခသည်များအား ကူညီရေး၊ မြို့သန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ် မှုနှင့် ပါတီဝင်အသစ်များ စုဆောင်းရေးအတွက် ကျေးရွာဆွေးနွေးပွဲများ ပြုလုပ်နေကြောင်း သိရသည်။

သို့သော် ကော့ကရိတ်၊ ကျုံဒိုးနှင့် ကြာအင်းဆိပ်ကြီးဒေသများတွင်မူ စစ်အုပ်ချုပ်ရေးကြေငြာထားပြီး စစ်ဆင်ရေးများ ဆက်လက်လုပ် ဆောင်လျက်ရှိသည်။

နောက်ဆုံးသိရသည့် အခြေအနေအရ အဆိုပါ မြို့တွင်း လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များ အသုံးပြုမှုကို စစ်ကောင်စီနှင့် ဆက်စပ်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်ကောင်စီထောက်ခံသည့် ရဟန်း/သံဃာများ၏ ဒကာများသွားလာသည့်အခါ ဖမ်းဆီးခံရခြင်းမရှိသော်လည်း၊ ကျေးရွာဘက်မှ လာသည့်ယာဉ်များ၊ အခြားနယ်မှ ဝင်ရောက်လာသည့် ကား/ဆိုင်ကယ်များကိုမူ စစ်ဆေး၍ ဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး ငွေကြေးပေးဆောင်မှသာ ပြန်လွှတ်ပေးသည့် အခြေအနေများ ရှိနေကြောင်း ဖားအံမြို့ခံများ၏ ပြောစကားအရ သိရသည်။