Home သတင်း ကုန်တင်ယာဉ်များ ဖားအံမြို့တွင် ညအချိန်သာ ကုန်ချခွင့်ပြု၍ လုပ်ငန်းရှင်များ အခက်ကြုံ

ကုန်တင်ယာဉ်များ ဖားအံမြို့တွင် ညအချိန်သာ ကုန်ချခွင့်ပြု၍ လုပ်ငန်းရှင်များ အခက်ကြုံ

662
Photo- CJ

ဩဂုတ် ၂၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့သို့ အနယ်နယ်အရပ်ရပ်မှ စားသောက်ကုန်နှင့် လူသုံးကုန် တင်ပို့သည့် ကုန်တင်ယာဉ်များကို ပြည်နယ် စစ်ဘက်အုပ်ချုပ်ရေးပိုင်းက ကုန်စည်ဒိုင်များနှင့် ဂိုထောင်များ၌ ကုန်ချခွင့် ညပိုင်းတွင်သာ ခွင့်ပြု၍ အခက်အခဲ ကြုံတွေ့နေသည်ဟု မြို့ခံ လုပ်ငန်းရှင်များက ပြောသည်။

ဖားအံမြို့တွင်း၌ ကုန်တင်ယာဉ် ၆ ဘီးမှ ၁၂ ဘီး ယာဉ်များကို နေ့ခင်းဘက် ကုန်ချခွင့်မပြု၍ မြို့ပြင်၌ ကုန်ချရန် စောင့်ဆိုင်းနေရပြီး အခက်အခဲ ဖြစ်ပေါ်နေမှုအပေါ် ပြည်နယ် ကုန်တင်ယာဉ်များအသင်းက ပြည်နယ် စစ်ဘက် အုပ်ချုပ်ရေးပိုင်းကို နံနက် ၈ နာရီမှ ညနေ ၆ နာရီထိ ကုန်ချခွင့်ပြုရန် ဩဂုတ် ၁၂ ရက်နေ့တွင် တင်ပြ ခဲ့သည်။

သို့သော်လည်း ညနေ ၄ နာရီ မှ နောက်တနေ့ နံနက် ၇ နာရီထိ ညပိုင်းတွင်သာ ကုန်ချခွင့်ပြုမည်ဟု ပြည်နယ် စစ်ဘက် အုပ်ချုပ်ရေးပိုင်းက ဩဂုတ် ၁၈ ရက်နေ့တွင် အကြောင်းပြန်ထားသည်ဟု အမည်မဖော်လိုသူ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

“ကုန်တင်ကုန်ချ ကိစ္စအထိပါ တင်းကြပ်လာတော့ အလုပ်မလုပ်ရဲ ကြတော့ဘူး၊ ညဘက်ဆိုတော့ အလုပ်သမား တွေ ပေါ်တာဆွဲခံရရင် တာဝန်ယူပေးရမယ်၊ ကုန်တွေ ဖောက်တာ၊ ခိုးတာ လုတာတွေ ခံနေရတာ ဆိုတော့ အများစု ကနေ့ဘက်ဘဲ အလုပ်လုပ်ခြင်ကြတယ်။ အရင်က နေ့ဘက်လည်းမြို့ထဲ အဝင်မခံ ပေမယ့် မြို့ပြင် ခြံ တွေ ဂိုထောင်တွေမှာ ကားချိန်း၊ ကုန်ချိန်း လုပ်လို့ရတယ်။ အလုပ်သမားလည်း လုပ်ရလွယ်တယ်။ ညဘက်က မီးမရှိ ဘာမရှိနဲ့ အခက်အခဲ တော်တော်ရှိတယ်” ဟု ၎င်းက ပြောသည်။

ယခင်က ဖားအံ မြို့ သို့ ကုန်ကားဖြတ်သန်းဝင် ရောက်ကုန်ချ မှု့ ကို လမ်းကြောင်းသတ်မှတ်ပေးထားပြီး၊ အခြား မြို့ရွာများသို့ သယ်ဆောင်မည့် ကုန်ကားများ အနေဖြင့် မြို့ပြင် နောင်လုံတောင်ကြားလမ်းမှသာ သံလွင်တံတား ဘက်သို့ သွားခွင့် ပြုထားကြောင်း သိရသည်။

ထို့အပြင် ဖားအံမြို့တွင် စစ်မှုထမ်း စစ်သားစုဆောင်းရန် ခေါ်ယူခြင်းနှင့် အငှားလူစားထိုးရန် ဖမ်းဆီးမှုများရှိ၍ ကုန်တင်၊ ကုန်ချ လုပ်ငန်းတွင် အလုပ်သမား ရှားပါးမှု့ ကြုံတွေ့နေရသည်ဟု လုပ်ငန်းရှင်တစ်ဦးက ယခုလို ပြော သည်။

“အခု ဖားအံမှာက အလုပ်သမား နေ့စားခက တစ်နေ့ ကျပ် ၁၅,၀၀၀ မှ ၃၀,၀၀၀ ကြား ပေးရတယ်။ ပြီးခဲ့တဲ့ နှစ်လက ကျနော့်အသိ ဆိုင်က အတင်အချ အလုပ်သမား ၃ ယောက် ဖမ်းခေါ်တာ ခံရတယ်။ ပြန်ရွေး တော့ သိန်း တစ်ရာကျော် ကုန်သွားတယ်။ သူတို့လည်းမိသားစုတွေ ရှိတော့ဆိုင်က တာဝန်ယူရတယ်။ အခုက စစ်သားသစ် အငှားထည့်ဖို့ အုပ်ချုပ်ရေးမှူးတွေ ဖမ်းပို့ ကြတာရှိတော့ အလုပ်သမားက အလုပ်ချိန်ကို အလုပ်ရှင် တာဝန်ယူမှ လာလုပ်ကြမျိုး ဖြစ်နေတယ်”ဟု ဆိုင်ရှင်တစ်ဦးက ပြောသည်။

ဖားအံမြို့တွင် စစ်ဘက်အုပ်ချုပ်ရေး ဌာနဆိုင်ရာများက ထိုင်းကုန်စည်များ တရားမဝင် တင်သွင်းမှုများကို တင်းတင်းကြပ်ကြပ် စစ်ဆေးဖမ်းဆီးနေ၍ ကုန်တင်ယာဉ်ကြီးများ ဝင်ရောက်မှုမရှိဘဲ တစ်ပိုင်တစ်နိုင် ကုန်သယ် ယာဉ်များသာ ကုန်စည်သယ်ဆောင်မှုများ ရှိနေသည်ဟု သိရသည်။