ဩဂုတ် ၂၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများသို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်း ၃ ကြောင်းထိုး ဝင်ရောက်လာ၍ ဒေသတွင်းရှိ တော်လှန်ရေးပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
သရက်ချောင်းမြို့နယ်တွင် ဩဂုတ်ပထမအပတ်မှစ၍ စစ်တပ်က စစ်ကြောင်းသုံးကြောင်းခွဲကာ ကျောက်လှေကား ကျေးရွာ၊ စောဖျားကျေးရွာနှင့် ဥတ္တူကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရိူ့ ဖျက်ဆီး မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောဆိုသည်။
ဩဂုတ် ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် စော်ဖျားကျေးရွာ၌ ဒေသအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်တပ် စစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားနေပြီး ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သရက်ချောင်းမြို့နယ် စစ်ဘေးရှောင်ကူညီနေသူ တစ်ဦးက ပြောသည်။
သရက်ချောင်းမြို့ဒေသခံနှင့် နီးစပ်သည့်မိသားစုဝင်တစ်ဦးက “ဟုတ်ပါတယ်။ မနေ့က ဖုန်းဆက်ကြည့်တာတော့ သူတို့ စစ်ဘေးရှောင်နေရတယ်။ နောက်တစ်ခုက လိုင်းက (ဖုန်း၊ အင်တာနက်) ရတစ်ချက် မရတစ်ချက်ဘဲ။ နေ အိမ် ဘယ်နှစ်လုံးပါသွားလည်းတော့ မသိရသေးဘူး။ ရွာထဲကိုဝင်လို့ မရသေးတဲ့ အတွက်ကြောင့်ပါ” ဟု ကေအိုင်စီ သို့ ပြောသည်။
တိုက်ပွဲများကြောင့် စစ်ရှောင်နေရသည့် ဒေသခံများသည် စစ်ဘေးရှောင်စခန်းတွင် လာရှောင်ခြင်းမဟုတ်ဘဲ၊ နီးစပ်ရာ ဆွေမျိုးနှင့် အသိမိတ်ဆွေများထံသွားရောက် နေထိုင်သူများသည်ဟု သရက်ချောင်းမြို့နယ်၊ စစ်ဘေး ရှောင်အရေး ကူညီနေသူ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
လက်ရှိ ထားဝယ်ခရိုင် ထားဝယ်၊ လောင်းလုံး၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်တို့တွင် နေရပ်စွန့်ခွာ ထွက်ပြေး ခဲ့ရသည့် ဒေသခံပြည်သူ စုစုပေါင်း ၃၈,၃၀၀ ဦး ကျော်ရှိနေပြီး သရက်ချောင်းမြို့နယ်အတွင်း စစ်ဘေးရှောင် ၈၀,၀၀ ဦး ဝန်းကျင်အထိ ရှိနေကြောင်း FE 5 Tanintharyi က ပြုစုထုတ်ပြန်သည့် ဇူလိုင်လ အစီရင်ခံစာ၌ ဖော်ပြ ထားသည်။



















