ဩဂုတ် ၂၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်-မြဝတီ အာရှလမ်းသစ် တတန်ကူးရွာအနီးတွင် လမ်းကို ထိန်းချုပ်ထားသည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ၊ PDF ပူပေါင်းတပ်များနှင့် အာဏာသိမ်း စစ်တပ်တို့ အကြား ၁၅ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွား နေသည်ဟု မြေပြင် စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ အာရှလမ်းသစ်ကို ထိုးစစ်ဆင်လာသည့် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ဩဂုတ် ၃ ရက်နေ့မှ စ၍ ဩဂုတ် ၁၉ ရက်နေ့ထိ နေ့စဉ် တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု မြေပြင် စစ်ဘက်သတင်း ရင်းမြစ်က ယခုလို ပြောသည်။
“တတန်ကူးက ၃ ရက်နေမှာ စထိုးတက်ကတည်းက စကစတွေ အပုံလိုက်ကျ နေတာ၊ နေ့ဘက်တက်၊ ညဘက် တက်လည်း ရှေ့ တိုးလာလို့ မရဘူး။ ဒရုန်းလည်း ကြဲတယ်၊ ရော့ကက် ၄ လုံးတွဲတွေလည်း ပစ်တယ်။ လေယာဉ် က အာရှလမ်း တောနော်၊ ရင်ကွဲတောင်၊ ကွမ်းသီးတောအထိ လာကြဲတယ်။ စကစတွေ စစ်ကြောင်းတက်လိုက် လန်ကျလိုက် ဖြစ်နေတုန်းဘဲ။ ၁၅ ရက် ကျော်ပြီး” ဟု ၎င်းက ပြောသည်။
ထို့အပြင် အာရှလမ်းမကြီး ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတွင်လည်း KNLA၊ တော်လှန်ရေး မဟာမိတ်ပူးပေါင်း တပ်များ ပြန်လည်တိုက်ခိုက်မှု မပြုနိုင်ရန် စစ်တပ်က ကျုံဒိုး အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ ၅၄၅-၅၄၆) တပ် တို့က လမ်းမအနီး ကျေးရွာများဘက်သို့ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ကင်းထောက်ပြီးနောက် ဗုံးသီးချ တိုက်ခိုက်ခြင်းများ နေ့စဉ် လုပ်ဆောင်နေသည်ဟု ကေအိုင်စီ မြေပြင်သတင်းရင်းမြစ်က ပြောသည်။

“ကျုံဒိုးလမ်းကို တလရ အဖွဲ့ တွေ ပြန်မကပ် နိုင်အောင် လက်နက်ကြီး တော်တော်ပစ်တယ်၊ ရွာတွေ ကို။ ၁၇ ရက် နေ့ကဆို တစ်နေကုန်ပစ်တယ်။ ဒရုန်းလည်း ကြဲတယ်၊ အင်းကြီး၊ ရသေ့တောင်၊ အုန်းတပင်၊ ချောင်းဖျားရွာတွေ ဆိုရင် နေလို့ မရတော့ဘူး။ အိမ်တွေ အကုန်ပျက်နေပြီး၊ ပစ္စည်းတွေကတော့ စကစနဲ့ ခွဲထွက် DKBA ဗိုလ်ဘိအဖွဲ့ တွေ ယူလို့ ၊ သယ်လို့ ကုန်နေပြီး” ဟု ကျုံဒိုး သတင်းရင်းမြစ်က ပြောသည်။
လက်ရှိ ကျုံဒိုး၊ အင်းကြီး၊ ကော့ကရိတ်၊ အာရှလမ်း၊ တတန်ကူး၊ ကောင်းမှု့၊ ရန်ကုတ် ကျေးရွာ များဘက်တွင် KNLA မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်တပ်တို့ ဩဂုတ်လအတွင်း တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက် သေဆုံးမှုများရှိသလို တော်လှန်ရေးတပ်ဖွဲ့ဝင် ကျဆုံးရဲဘော်များလည်း ရှိသည်ဟု သိရသည်။
သို့သော် အာရှလမ်းမကြီး ကျုံဒိုး-ကော့ကရိတ်-မြဝတီ တလျှောက်တိုက်ပွဲများနှင့် ပတ်သက်၍ တော်လှန်ရေး တပ်များဘက်က တရားဝင် သတင်းမထုတ်ပြန်သလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားခြင်း မရှိ ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့တွင် ကျုံဒိုး-ကော့ကရိတ် အာရှလမ်းပိုင်းကို စစ်ကောင်စီတပ်က တိုက်ခိုက်ကာ ပြန်စိုးမိုးထားပြီးနောက် ကော့ကရိတ်-မြဝတီ အာရှလမ်းသစ်ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု စစ်တပ်ဘက်က သတင်းထုတ်ပြန်ချက်များ၌ ဖော်ပြထားသည်။



















