Home သတင်း အဖွားအိုတစ်ဦး အသတ်ခံရသည့် ဗီဒီယိုဖိုင်ဟောင်း အွန်လိုင်းပေါ် ချိန်သားကိုက် ရည်ရွယ်ချက်ရှိရှိ ပျံနှံ့လာမှုကို KNU စုံစမ်းဖော်ထုတ်မည်

အဖွားအိုတစ်ဦး အသတ်ခံရသည့် ဗီဒီယိုဖိုင်ဟောင်း အွန်လိုင်းပေါ် ချိန်သားကိုက် ရည်ရွယ်ချက်ရှိရှိ ပျံနှံ့လာမှုကို KNU စုံစမ်းဖော်ထုတ်မည်

1325
Photo: Social Media

ဩဂုတ် ၁၃၊ ၂၀၂၅ ။ ကေအိုင်စီ

အင်တာနက် လူမှုကွန်ရက်စာမျက်နှာများပေါ်၌ ယခုဩဂုတ်လဆန်းပိုင်းအတွင်းက အဖွားအိုတစ်ဦး ရိုက်သတ်ခံရသည့် ဗီဒီယိုအဟောင်း ပျံ့နှံ့သည့်ကိစ္စနှင့်ပတ်သက်၍ ဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်သွားမည်ဟု ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင် အတွင်းရေးမှူး ပဒိုစောနဲထူးဗျိုင်းက ပြောသည်။

အဆိုပါ ဗီဒီယိုဖိုင်အဟောင်းတွင် အဖွားအိုကို သတ်သူများက ကရင်စကားပြောသည့် လူငယ် ၄ ဦး ပါဝင်နေသည်ကို တွေ့ရသည်။ ၎င်းတို့သည် ခလယ်လွီထူ ခရိုင်၊ တပ်မဟာ-၃၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များဖြစ်သည်ဟု အွန်လိုင်းပေါ်၌ တချို့က စွပ်စွဲ ပြောဆိုနေမှုအပေါ် ခရိုင်အတွင်းရေးမှူး ပဒိုစောနဲထူးဗျိုင်းက အောက်ပါအတိုင်း ပြောသည်–

“လိုင်းပေါ်မှာ အဲဒီဗီဒီယို ပြန့်နေတာ တွေ့ရတယ်။ ဘယ်သူ့လူတော့ ကျွန်တော်တို့က မသိသေးဘူး။ ဒါကို သေချာစုံစမ်းဖော်ထုတ်ပြီး အတည်ပြုရမှာ ဖြစ်တယ်” ဟု ပဒိုစောနဲထူးဗျိုင်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဗီဒီယိုသည် ဖြစ်စဉ်အဟောင်းဖြစ်သည်ဟု သိရှိရသော်လည်း ယခုအချိန်၌ အင်တာနက်ပေါ်တွင် ဖြန့်ချိခြင်းသည် ချိန်သားကိုက် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ညောင်လေးပင် ခရိုင်အတွင်းရှိ အခြားဒေသတာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြု ပြောသည်။

ကေအဲန်ယူ တပ်မဟာ (၃) တွင် ၂၀၂၃ ခုနှစ်က စစ်ကောင်စီ စစ်ကြောင်းထိုးလာချိန်တွင် ဒေသအတွင်း တိုက်ပွဲ ပြင်းထန်လာခဲ့၍ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ သို့သော် အဖွားအိုသည် မထွက်သွားဘဲ စစ်ကောင်စီတပ်ကို သတင်းပေးခဲ့သည်ဟု ဆိုကြပြီး၊ ထိုကြောင့် KNLA တပ်ဖွဲ့ဝင် ထိခိုက်သေဆုံးမှုအများအပြား ဖြစ်ပွားခဲ့သည်ဟု လူမှုကွန်ရက်ပေါ်တွင် ပြောဆိုနေသော်လည်း၊ ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြု၍ မရသေး ဖြစ်နေသည်။

ထို့အပြင် အွန်လိုင်းပေါ်တွင် ပြန့်လာသည့် ထိုဗီဒီယိုဖိုင်သည် ကေအဲန်ယူ တပ်မဟာ (၃) နယ်မြေအတွင်း ဖြစ်စဉ်ဗီဒီယိုဖိုင်ဟု ဆိုကြသော်လည်း၊ ကေအိုင်စီအနေဖြင့် မည်သည့်နယ်မြေ ဒေသက ဖြစ်သည်ကို ဆက်သွယ်စုံစမ်း အတည်ပြုနေဆဲ ဖြစ်သည်။

Photo: Social Media

အလားတူ ကေအဲန်ယူဘက်မှလည်း ထိုဗီဒီယိုဖိုင်အပေါ် စုံစမ်းအတည်ပြုပြီးပါက သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းက အာဏာသိမ်း စစ်တပ်အတွက် ဝါဒဖြန့်ပေးနေသည့် အင်တာနက် သတင်းစာမျက်နှာများ၌၊ ကေအဲန်ယူ တပ်မဟာ (၃) နယ်မြေအတွင်း၌ KNLA နှင့် PDF တပ်ဖွဲ့ဝင်များက ဒေသခံ ၁၃ ဦးကို သတ်ဖြတ်သည်ဟု ဆိုပြီး ဖြန့်ဝေခဲ့ကြသည်။ သို့သော် ထိုသတင်းသည် လုပ်ကြံထားသည့် သတင်းမှားသာ ဖြစ်သည်ဟု ကေအဲန်ယူ ဗဟိုက ဩဂုတ် ၁ ရက်နေ့တွင် အချက်အလက်များနှင့်တကွ ပြန်လည် တုံ့ပြန်ပြောဆိုထားသည်။

အလားတူ ထိုဖြစ်စဉ်ကို လွတ်လပ်သည့် သတင်းဌာနများ ဖွဲ့စည်းပါဝင်သော သတင်းမှားများ စိစစ်မှု ပြုလုပ်နေသည့် Myanmar Fact Checking Network (MFCN) မှ သတင်းမှားသာ ဖြစ်သည်ဟု စိစစ်ပြီး ဇူလိုင် ၂၉ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တချိန်တည်းတွင် ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်နေ့ ညပိုင်းတွင် ကေအဲန်ယူ ဌာနချုပ်နယ်မြေထဲသို့ စစ်ကောင်စီက Y-12 လေယာဉ်ဖြင့် ဗုံး ၂၀ လုံး ကြဲချတိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

ထိုတိုက်ခိုက်မှု ပြုလုပ်ရခြင်းမှာ ကေအဲန်ယူက ကရင်ပြည်နယ်အပြင် ပဲခူးတိုင်းအတွင်း၌ပါ အကြမ်းဖက်မှု ပြုလုပ်၍ လိုအပ်သလို တိုက်ခိုက်နေခြင်းဖြစ်သည်ဟု အာဏာသိမ်းစစ်အုပ်စု ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြည်တွင်းမီဒီယာများသို့ ဖြေကြားထားသည်။