ဩဂုတ် ၁၃၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့အတွင်းရှိ စစ်ရှောင် ပြည်သူများ၏ နေအိမ်များအတွင်းမှ ပစ္စည်းများ ခိုးယူခံနေရသည်ဟု စစ်ရှောင် ပလမြို့ခံများက ပြောသည်။
အဆိုပါ ပလမြို့၌ ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်မှစ၍ ဒေသတွင်းရှိ တော်လှန်ရေး ပူးပေါင်းတပ်များနှင့် အာဏာသိမ်း စစ်တပ်တို့ ရက်ရှည်တိုက်ပွဲ ဖြစ်ပွားနေပြီး ယခုဩဂုတ်လ ပထမအပတ်မှ စ၍ စစ်တပ်က ပြည်သူပိုင် နေအိမ်များ အတွင်းသို့ ဝင်ရောက်တပ်စွဲ နေထိုင်သည်ဟု ပလမြို့ခံတစ်ဦးက ယခုလို ပြောသည်။
“ပြီးခဲ့တဲ့လကတည်းက တိုက်ပွဲတွေဖြစ်နေတော့ ဒေသခံတွေက တစ်ယောက်မှ မရှိကြတော့ဘူး။ အကုန်စစ်ဘေး ရှောင်နေကြရတာ၊ အဲ့တာကို စစ်တပ်က နေအိမ် တံခါးတွေကို ရိုက်ဖျက်ပြီး ဝင်နေထိုင်နေကြတာမျိုး တွေရှိတယ်။ အဲ့တာကြောင့် မြို့ခံတော်တော်များများလည်း မပြန်ရဲကြသေးဘူးပေါ့ အခုချိန်အထိဘဲ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အာဏာသိမ်း စစ်တပ်အဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲနေထိုင်သည့် နေရာအများစုသည် ကုန်စုံဆိုင်များဖြစ်နေသည်။ ထို့အပြင် နေအိမ်ခြံဝန်းအတွင်းရှိ ဆိုင်ကယ်များနှင့် အခြားတန်ဖိုးရှိ ပစ္စည်းများကို ကားများဖြင့် သယ်ဆောင်မှုများ လုပ်ဆောင်နေသည်ဟု ပလမြို့ရှိ ဒေသခံနောက်ထက် တစ်ဦးက ပြောသည်။
“နေ့ဘက်တွေဆို သယ်တာတွေ မလုပ်ကြဘူး။ ညအချိန်တွေမှ ကားတွေနဲ့ ရသလောက် သယ်ကြတာ။ မျက်မြင် တွေ့သူတွေလည်း ရှိတယ်။ အဲ့တာကြောင့် အခုလိုတွေပြန်ပြီး သိရတာ။ ပြီးတော့ တချို့နေရပ် ပြန်ကြတဲ့ ဒေသခံ တွေ လည်းရှိတယ်။ ရက်ကြာနေပြီးဆိုတော့ ရိက္ခာလိုအပ်ချက်တွေကြောင့် ပြန်ကြတဲ့သူတော့ ရှိတယ်။ ပြီးတော့ ပြန်လာကြတာဘဲ”ဟု ၎င်းက ပြောသည်။
ထို့အပြင် ပုလောမြို့နယ် ပလမြို့အနီး နှစ်ဖက်တိုက်ပွဲများကြောင့် ၁၆ ရက်အကြာ ပိတ်ထားခဲ့ရသည့် မြိတ်-ပုလော လမ်းပိုင်းကိုလည်း ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း (၁)က ဩဂုတ် (၁၁) ရက်နေ့တွင် ထုတ်ပြန် ပြောဆိုထားသည်။
လမ်းပြန် ဖွင့်သော်လည်း မြိတ် – ပုလော လမ်းပိုင်းတွင် နှစ်ဖက်တပ်များ စစ်ဆိုင်ထား၍ ပလမြို့ခံများ အနေဖြင့် မြို့တွင်း သွားလာခြင်းများ လုံးဝ မပြုလုပ်ကြရန် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း (၇)၊ PDF မြိတ် ခရိုင်အမှတ်(၁) တပ်ရင်းတို့က တားမြစ်ထားသည်ဟု သိရသည်။
ပလမြို့တွင် နှစ်ဖက်တိုက်ပွဲများနှင့် လေကြောင်းရန်ကြောင့် ဒေသခံ ၃,၀၀၀ ဦး ကျော် စစ်ဘေးရှောင်နေရသည်ဟု မြေပြင်စစ်ဘေးရှောင် အနီးကပ်ကူညီနေသူများက ပြောသည်။



















