Home သတင်း သံတောင်ကြီး မြေပြိုမှုကြောင့် ဒေသခံ (၈) ဦး သေဆုံး၊ (၂) ဦးထက်မနည်း ပျောက်ဆုံးနေဆဲ

သံတောင်ကြီး မြေပြိုမှုကြောင့် ဒေသခံ (၈) ဦး သေဆုံး၊ (၂) ဦးထက်မနည်း ပျောက်ဆုံးနေဆဲ

530
Photo: CJ

ဩဂုတ် ၆ ၊ ၂၀၂၅ ။ ကေအိုင်စီ

ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း မိုးကြီးရေလျှံပြီး မြေပြိုကျမှုများ ဖြစ်ပွားခဲ့ရာ မိသားစုလေးဦးပါဝင်သည့် ဒေသခံ (၈) ဦး သေဆုံးခဲ့ပြီး (၂) ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၅ ရက်ည ၉ နာရီဝန်းကျင်က သံတောင်ကြီးမြို့ပေါ် ရပ်ကွက် (၁) တွင် နေအိမ်တစ် လုံးမြေပြိုကျမှုဖြစ်ပွားခဲ့ပြီး အသက် (၄) နှင့် (၉) နှစ်အရွယ် ကလေး (၂) ဦး အပါအဝင် မိသားစုလေးဦးလုံး သေဆုံးခဲ့သည်။ ထို့အပြင် ရပ်ကွက် (၃)မှ အမျိုးသားတစ်ဦး၊ သောက်ရေခပ်ချောင်းအနီး ကျေးရွာများမှ အမျိုးသား (၃) ဦး တို့လည်း သေဆုံးခဲ့ကြောင်း မြို့ခံများက ပြောသည်။

“ညကပဲ မိသားစုလေးယောက်ဆုံးတယ်။ ကလေးနှစ်ယောက် ပါတယ်။ အသေးက ယောက်ျားလေး၊ အကြီးက မိန်းကလေး။ Dead Body (ရုပ်အလောင်း)တွေက ဘုရားကျောင်းမှာထားတယ်။ နောက် သံတောင်ကြီးမှာနေတဲ့သူတွေပဲ၊ သောက်ရေခပ်နားကခြံမှာ သွားအလုပ်လုပ်ကြရင်း မြေပြိုတဲ့ အထဲပါသွားတာ ဦးလေး(၃)ယောက်။ ပြီးတော့ ဒီဘက်ခြမ်းရပ်ကွက်(၃)မှာ တစ်ယောက်။ ကျန်တာ တွေတော့ ရှာနေကြတုန်းပဲ မတွေ့သေးဘူး” ” ဟု သံတောင်မြို့ခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

Photo: CJ

လက်ရှိအချိန်ထိ သံတောင်ကြီးမြို့နယ်အတွင်း မြေပြိုမှုကြောင့် လူသေ၊ လူပျောက်မှုများအပေါ် တုံ့ပြန် ကယ်ဆယ်ရေးအဖွဲ့များ မရောက်ရှိနိုင်သေးဘဲ ခရစ်ယာန်သာသနာနယ်မှ တာဝန်ရှိသူများ၊ စေတနာရှင် များနှင့် ဒေသခံများအချင်းချင်း အကူအညီဖြင့်သာ ကယ်ဆယ်ရေးလုပ်ဆောင်နေရကြောင်း သိရသည်။

ထို့အပြင် မြေပြိုမှုကြောင့် ရွာလုံးကျွတ် နေအိမ်ပြောင်းရွှေ့ရသူရှိသလို နေအိမ်အများအပြား ထိခိုက် ပျက်စီးခဲ့သည်။ ဆုံးရှုံးမှုအသေးစိတ်အချက်အလက်များကိုမူ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ယခုအချိန်တွင် တိတိကျကျသိရှိရသေးခြင်းမရှိကြောင်း ဒေသခံများက ပြောသည်။

တစ်ဖက်တွင်လည်း ကရင်ပြည်နယ်နှင့် ထိစပ်သော ပဲခူးတိုင်းဒေသကြီး၊ တောင်ငူနှင့် ထန်းတ ပင်မြို့နယ်များ၌ ဇူလိုင်လမှစ၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေးစခန်း ၂၀ ကျော်ဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နေကြသည်။ ထို့အတူ ရေစီးနှင့်မျှောမှုကြောင့် သေဆုံးသူ (၃) ဦးထက်မနည်း ရှိခဲ့ကြောင်းလည်း လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။