Home သတင်း သံတောင်ကြီးမြို့နယ်တွင် တောင်ပြို၊ မြေပြိုမှုကြောင့် လမ်းတံတားပျက်စီး၍ သွားလာရခက်ခဲနေ

သံတောင်ကြီးမြို့နယ်တွင် တောင်ပြို၊ မြေပြိုမှုကြောင့် လမ်းတံတားပျက်စီး၍ သွားလာရခက်ခဲနေ

878
Photo crd: Angel Lay

ဩဂုတ် ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ပထမအပတ်အတွင်း မိုးရွာသွန်းမှုများပြားပြီး တောင်ပြို၊ မြေပြိုကျခြင်းကြောင့် လမ်းတံတားများပျက်စီးကာ ကျေးရွာများသို့ သွားလာရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံ သတင်းအရင်းအမြစ်များက ပြောသည်။

သံတောင်ကြီးမြို့ပေါ်ရပ်ကွက်များအပါအဝင် မြို့နယ်အတွင်းရှိ လိပ်ပြာကြီး၊ ထီးပူခီးအပေါ်ရွာ၊ အောက်ရွာ အစရှိသည့် ကျေးရွာ (၅) ခုထက်မနည်းတွင် မြေပြိုကျမှု ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် အဆိုပါ ကျေးရွာများမှ ဒေသခံ ရွာသားများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း နေထိုင်ရန်လိုအပ်လာသော်လည်း လမ်းတံတားများ ပျက်စီးပိတ်ဆို့နေသောကြောင့် သွားလာရအခက်အခဲရှိနေသည်ဟု ဒေသခံ ခရစ်ယာန်ဘာသာဝင် ဆရာတော်တစ်ဦးက ပြောသည်။

“ရွာတွေတော်တော်များများ ပျက်စီးတယ်လို့ ပြောလို့ရတယ်။ တံတားပြိုကျတဲ့အပြင် လမ်းတွေက ဆိုင်ကယ်မပြောနဲ့ ခြေကျင်လျှောက်တာတောင် အဆင်မပြေဘူး။ သံတောင်ကြီးအထိ ရောက်ဖို့ ဟိုးမနက်ကနေညနေအထိ သူတို့ခြေကျင်လျှောက်လာရတယ်။” ဟု ဆရာတော်က ပြောသည်။

၎င်းအနက် သံတောင်ကြီးမြို့ပေါ်အထိ ခက်ခက်ခဲခဲ လာရသည့် ဒေသခံများလည်းရှိနေပြီး နေရပ်ရှောင်များ လိုအပ်သည့် စားဝတ်နေရေးအတွက် အသင်းတော်မှ ကူညီထောက်ပံ့ပေးထားရသည်ဟု သိရသည်။

Photo crd: Angel Lay

ဖော်ပြပါ ဆရာတော်က ဆက်လက်၍ “ထီးပူခီးအောက်ရွာက တော်တော်များများ သံတောင်ကြီးကို တက်လာတယ်။ လောလောဆယ် ၅၀ ဝန်းကျင်လောက်တော့ရှိပြီ။ တာလပတ်တို့ အိပ်ယာလိပ်၊ ဆန်၊ ဆီ၊ ဆားတို့က အသင်းတော်ကပေးထားရတာပေါ့။” ဟု ပြောသည်။

နေရပ်ရှောင်များကို အကူအညီပေးနေသည့် သတင်းအရင်းအမြစ်အရ၊ သံတောင်ကြီးမြို့နယ်လုံးဆိုင်ရာ မြေပြိုကျမှုဖြစ်ပွားခဲ့သည့်အတွင်း နေအိမ် (၅၀) ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။ ထို့အတူ ဩဂုတ်လ (၆) ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတိုက်စားမှု၊ မြေပြိုကျမှုအတွင်း ဒေသခံ (၁၃) ဦးအထိ အသက်ဆုံးရှုံးခဲ့ရသည်ဟု ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင်က ထုတ်ပြန်သည်။

၎င်းအပြင် ဥယျာဥ်ခြံလုပ်ငန်း အများဆုံးလုပ်ကိုင်ကြသည့် သံတောင်ကြီးမြို့နယ်၌ ခြံအများအပြားလည်း ပျက်စီးပြီး လူမှုစီးပွားရေးထိခိုက်ဆုံးရှုံးကြရကြောင်း ဒေသခံများက ဆိုသည်။

ဩဂုတ်လ (၄) ရက်နေ့က တောင်နှင့် မြေပြိုကျမှုတွင် တံတား (၃) စင်းအပြင် ကားလမ်းနှင့် ဆိုင်ကယ်လမ်းနေရာ (၂၃) နေရာအထိ ပျက်စီးသွားပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟုလည်း ကေအဲန်ယူ – တောင်ငူခရိုင်ပြန်ကြားရေးဘက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။