Home သတင်း ဝေါ်လေရှိ DKBA စစ်ရေးချုပ်အိမ်ကို စစ်ကော်မရှင်တပ် အသေခံဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

ဝေါ်လေရှိ DKBA စစ်ရေးချုပ်အိမ်ကို စစ်ကော်မရှင်တပ် အသေခံဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

672

ဩဂုတ် ၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့တောင်ဘက်၊ ဝေါ်လေမြိုင်ဒေသရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်း၏ နေအိမ်ကို ဩဂုတ် ၃ ရက်နေ့တွင် စစ်ကော်မရှင်တပ်က ကာမီကာဇေ အသေခံဒရုန်း ဖြင့် ဗုံးသီးချ ပစ်ခတ်တိုက်ခိုက်ခံရသည်ဟု DKBA တာဝန်ရှိသူက အတည်ပြု ပြောဆိုသည်။

စစ်ကောင်စီ ဝေါ်လေဗျူဟာကုန်းပေါ်မှတစ်ဆင့် ဝေါ်လေမြိုင် မြို့ထဲသို့ အဝေးပစ်လက်နက်များဖြင့် ပစ်ခတ်မှု များလာပြီးနောက် ဩဂုတ် ၃ ရက်နေ့ ညနေပိုင်းတွင် DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီးစောစိန်ဝင်းနေအိမ်ကို ကာမီကာဇေ ဒရုန်းဖြင့် ဗုံးသီးကြဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

သို့သော် ဒရုန်းဖြင့် တိုက်ခိုက်ခံရချိန်တွင် နေအိမ်အတွင်း နေထိုင်သူမရှိသည့်အတွက် လူထိခိုက်မှု မရှိသော်လည်း အိမ်ပေါ်တည့်တည့်သို့ ဗုံးကျ၍ အိမ်ခေါင်းမိုးများ ပျက်ဆီးသွားရသည်ဟု DKBA တာဝန်ရှိသူ ကေအိုင်စီသို့ ယခု လို ပြောသည်။

”စစ်ကော်မရှင်တပ်က အသေခံ ဒရုန်းနဲ့ ၂ စီးနဲ့ ဗုံးသီးချ ပစ်တယ်။ တစ်လုံးက တစ်ခြားအိမ်နေရာ။ အဲမှာက ကားရုံ(ကားဂိုထောင်) ဘဲ ထိတယ်။ နောက်တစ်လုံးက ဗိုလ်စိန်ဝင်းအိမ်ကို ပစ်တယ်။ အဲဒါမနေ့က ပစ်ခတ်မှု ဖြစ်သေးတယ်” ဟု DKBA တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယခုလို အာဏာသိမ်းစစ်တပ်က အပစ်ရပ်ထားသည့် DKBA တာဝန်ရှိသူ နေအိမ်ကို ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက် ခိုက်မှုမျိုးကို ယခင်က လုပ်ဆောင်ခြင်းမရှိ ခဲ့ကြောင်း သိရသည်။

မြဝတီတောင်ဘက်ရှိ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် စစ်ကော်မရှင် လက်ကျန်စခန်းဖြစ်သည့် ဝေါ်လေ ဗျူဟာကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA မဟာမိတ်ပူးပေါင်း တပ်ဘက်က ပြီးခဲ့ သည့် ဇူလိုင် ပထမအပတ်တွင် စတင် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကော်မရှင်တပ်၏ ရိက္ခာ လမ်းကြောင်း ကိုလည်း ပိတ်ဆို့ ထားသည်ဟု သိရသည်။

ထို့ကြောင့် စစ်ကောင်စီက ရိက္ခာနှင့် လက်နက်ခဲယမ်းများကို လေယာဉ်ဖြင့် ပစ်ချပို့ပေးနေရသလို တချို့ လက်နက် ထုတ်များ မဟာမိတ် ပူးပေါင်းတပ်များဘက်က ရရှိသွားခြင်းများလည်း ရှိကြောင်း သိရသည်။