Home သတင်း ရွေးကောက်ပွဲကြောင့် လူငယ်တို့၏အနာဂတ် အဆုံးသတ်သွားစေကြောင်း ကေအဲန်ယူဥက္ကဋ္ဌ ပြော

ရွေးကောက်ပွဲကြောင့် လူငယ်တို့၏အနာဂတ် အဆုံးသတ်သွားစေကြောင်း ကေအဲန်ယူဥက္ကဋ္ဌ ပြော

912

ဩဂုတ် ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကမ္ဘာ့နိုင်ငံများ၏ အသိမှတ်ပြုမှုရရှိရန် အာဏာသိမ်း စစ်အုပ်စုမှ ပြင်ဆင်နေသည့် ရွေးကောက်ပွဲ ကျင်းပခြင်းသည် လူငယ်များ၏ အနာဂတ်ကံကြမ္မာကို အဆုံးသတ်သွားစေကြောင်း ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ယနေ့ (ဩဂုတ်လ ၁၂ ရက်) ကျရောက်သော ကရင်အာဇာနည်နေ့တွင် ပြောကြားသည်။

နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ပိုမိုဆိုးဝါးလာစေမည့် ရွေးကောက်ပွဲသည် စစ်အုပ်စုကို အာဏာပေးနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထပ်မံအတည်ပြုရာလည်း ရောက်ကြောင်း (၇၅) နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ၌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုထားခြင်း ဖြစ်သည်။

ရွေးကောက်ပွဲကို ကျင်းပခြင်းက လူငယ်ထု၏ အနာဂတ်ကံကြမ္မာအား အဆုံးအဖြတ်၊ အဆုံး သတ်ပေးလိုက်ခြင်းလည်း ဖြစ်၍ ကရင်တစ်မျိုးသားလုံး၏ တာဝန်အနေဖြင့် မှတ်ယူဆန့်ကျင်ရမည်ဟု ကေအဲန်ယူဥက္ကဋ္ဌက သဝဏ်လွှာ၌ တိုက်တွန်း ပြောဆိုသွားသည်။

ထို့အပြင် အာဏာသိမ်း စစ်အုပ်စုက ချုပ်ကိုင်ထားသည့် မဟာလူမျိုးကြီးဝါဒစနစ် တိုက်ဖျက်ရာတွင် လူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အစုအဖွဲ့များအပါအဝင် ပြည်သူလူထုနှင့် လက်တွဲ၍ မိမိတို့ ကျရာကဏ္ဍမှ ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း ပါရှိသည်။

အရပ်သားအစိုးရနှင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ၊ အရပ်သားပြည်သူနှင့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထောင်ချနေသည့် စစ်အုပ်စုက ၂၀၂၆ ခုနှစ် ဇန်နဝါရီလအပြီး ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပ၍ အနိုင်ရပါတီထံ အာဏာအပ်နှင်းမည်ဟု ဆိုထားသည်။ သို့သော် ကေအဲန်ယူအပါအဝင် အတိုက်ခံနိုင်ငံရေး၊ တော်လှန်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်များက လက်ခံယုံကြည်မှု မရှိဘဲ ဆန့်ကျင်နေခြင်း ဖြစ်သည်။

အာဏာသိမ်းသက်တမ်း (၄) နှစ်အတွင်း နိုင်ငံ၏နယ်မြေထက်ဝက်ကျော်ကို မစိုးမိုးနိုင်တော့သည့် စစ်အုပ်စု၏ ရွေးကောက်ပွဲအပေါ် အာဆီယံကအစ လေသံပြောင်းလာသော်လည်း ယှဉ်ပြိုင် မည့်ပါတီများကို မှတ်ပုံတင်ပေးခြင်း၊ ဥပဒေများ ပြဌာန်းခြင်းဖြင့် စစ်အုပ်စုက ရွေးကောက်ပွဲလုပ်ငန်းများ ဆက်လက်လည်ပတ်နေသည်။

၎င်းအပြင် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှာပင် ကေအဲန်ယူ ထိန်းချုပ်ထားသည့် ကရင်ပြည်နယ်မြို့နယ် နှစ်ခု၌ စစ်အုပ်ချုပ်ရေး ကြေညာ၍ လက်နက်ကြီး ပစ်ခတ်မှုများ ပိုလုပ်ဆောင်လျက်ရှိသည်ဟု ဒေသတွင်း တော်လှန်ရေးနှင့် သတင်းအရင်းအမြစ်များက ပြောသည်။

ထို့အတူ ကေအဲန်ယူနယ်မြေများတွင် နှစ်စဉ် ကျင်းပနေကျ ကရင်အာဇာနည်နေ့မတိုင်မီ ဩဂုတ်လ ၁၀ ရက်နေ့ကလည်း စစ်အုပ်စုမှ ကေအဲန်ယူ တပ်မဟာ (၇) ဌာနချုပ်နယ်မြေသို့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သဖြင့် ဒေသခံများ နေရပ်တိမ်းရှောင်နေရသည်။

ကရင်တော်လှန်ရေး သက်တမ်းတစ်လျှောက်မှ ယနေ့အချိန်ထိ စစ်အုပ်စု၏ အဖက်ဖက်က ဖိနှိပ်မှု ခံနေရသော်လည်း ကေအဲန်ယူအပါအဝင် ကရင်တစ်မျိုးသားလုံး၏ တာဝန်ဖြစ်သော ကရင်အမျိုးသားရေး လိုလားချက်ကို ပြည့်မီရန် သဘောထားကွဲလွဲမှုများကြား ပူးပေါင်း ဆောင်ရွက်သွားကြရန် အာဇာနည်နေ့ သဝဏ်လွှာတွင် ပဒိုစောကွယ်ထူးဝင်းက ဆိုထားသည်။

၁၉၅၀ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကရင်အမျိုးသား ခေါင်ဆောင် စောဘဦးကြီးနှင့် ဗိုလ်ချုပ်စိုင်းကေတို့အဖွဲ့အား ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးကျေးရွာအနီးတွင် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြသည့်နေ့ကို အစွဲပြု၍ ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ထိတိုင် ကရင်လူမျိုးများ နေထိုင်ရာ ဒေသအသီးသီးတွင် ကရင်အာဇာနည်နေ့အတွက် အခမ်းအနားများဖြင့် အောက်မေ့ဖွယ် ဂုဏ်ပြုကျင်းပလာခဲ့ကြသော်လည်း ပိုမိုပြင်းထန်လာသော စစ်အုပ်စု၏ မြေပြင်၊ ဝေဟင်မှ ဖျက်ဆီးတိုက်ခိုက်မှုကြောင့် လူထုလုံခြုံရေးအပေါ် အများအားဖြင့် အကျဉ်းရုံသာ ပြုလုပ် ကျင်းပနိုင်ကြောင်း သိရသည်။