ဩဂုတ် ၂၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက အသုံးပြုနေသည့် နှစ်နိုင်ငံ ချစ်ကြည်ရေး မြဝတီ တံတား အမှတ်-၂ နေရာသို့ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် ၂၀၀ ဝန်းကျင်ခန့် ရောက်ရှိ တပ်စွဲထားမှုအပေါ် မြဝတီမြို့ခံ တို့အကြား အမျိုးမျိုး ထင်ကြေးပေးပြောဆိုနေသည်ဟု မြို့ခံတို့က ကေအိုင်စီသို့ ပြောသည်။
နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် အဓိက အသုံးပြုနေသည့် တံတား-၂ ကို မြန်မာဘက်က ဩဂုတ် ၁၆ ရက်နေ့တွင် ပိတ်ထားခဲ့ပြီးနောက် ဩဂုတ် ၂၄ ရက်နေ့ ည ၈ နာရီ အချိန်တွင် မြဝတီမြို့ အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ- ၂၇၅) မှ စစ်သား အင်အား ၂၀၀ ဝန်းကျင်ဖြင့် ရောက်ရှိလာပြီး တပ်စွဲနေရာယူထားသည်ဟု မျက်မြင်တွေ့ ရှိသူ တစ်ဦးက ပြောသည်။
“ညက ၂၇၅ တပ်က စကစ တွေ ဆင်းလာတယ်။ တံတား၂ ဝင်းထဲကို ဗွီဂိုကား၊ စစ်သုံး ဒယ်ဘယ်ကပ်ကားတွေ ၁၀ စီးဝန်းကျင် သွားလိုက်ပြန်လိုက် ပေါ့ တံတား-၂ ထဲ ဝင်သွားတယ်။ ဒီမနက်တော့ ကုန်ဝင်းတွေ ခြံစည်းရိုး ဘက်တွေမှာ စကစတွေ ရှိနေတယ်။ အဲ့ဘက် ဘယ်သူမှ မသွားရဲ ကြဘူး၊ တံတားကုန်ကားအဝင်အထွက်လည်း ပိတ်ထားတာဆိုတော့ အသွားအလာတိတ်နေတယ်” ဟု မျက်မြင်တွေ့ရှိသူ တံတားတည်ရှိရာ မြဝတီမြို့နယ်၊ ရေပူ ကျေးရွာသားတစ်ဦးက ပြောသည်။
ယခုလို စစ်တပ်က တံတား-၂ တွင် လာရောက်တပ်စွဲ နေရာယူထားခြင်းသည် ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်နေ့ တွင် မြဝတီမြို့လုံခြုံရေးကို အဓိက ထိန်းထားသည့် ကရင်နယ်ခြားစောင့်တပ် (BGF)နှင့် မြဝတီမြို့နယ်အတွင်း အင်အားတောင့်တင်းသည့် ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA) တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တံတား-၂ ကို ထိုအဖွဲ့များ ဝင်စီးထိန်းထားမည်ဟု သတင်းထွက်ပေါ်နေ၍ ဖြစ်သည်ဟု မြို့ခံလုပ်ငန်းရှင် တချို့ က ပြောသည်။
ထို့အပြင် ယာယီတံတားပိတ်ထားသည်ကို နေပြည်တော်ရှိ စစ်အုပ်စု အဖွဲ့ဝင်များ လာရောက် စစ်ဆေးရန် ရှိ၍ ကြိုတင်လုံခြုံရေး ယူသည့် သဘောမျိုးလည်း ဖြစ်နိုင်သည်ဟု မြိုခံ ကုန်သည်တစ်ဦးက မှတ်ချက်ပြုပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းက မြဝတီမြို့ကို ကေအဲန်ယူ ဦးဆောင်သည့် တော်လှန်ရေးမဟာမိတ် တပ် များက တိုက်ခိုက် သိမ်းယူခဲ့ဖူးသော်လည်း မြို့သိမ်းပြီး တစ်ရက်အကြာတွင် ကရင်နယ်ခြားစောင့်တပ်က မြို့ပေါ် တွင် လုံခြုံရေးယူ မြို့ကို ထိန်းပေးထားသည့် အခြေအနေမျိုး ယခုချိန်ထိ လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။
သို့သော် စစ်တပ်ဌာနဆိုင်ရာ အုပ်ချုပ်ရေးရုံးတစ်ချို့ မြို့ပေါ်တွင် ဖွင့်လှစ်ထားနိုင် ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ တံတားယာယီ မပိတ်ခင်ထိ လုပ်ဆောင်နေသည်ဟု မြို့ခံများက ပြောသည်။ ထို့အပြင် မြဝတီမြို့ကို ပြန်ထိန်းချုပ်နိုင်ရေး စစ်တပ်က မြဝတီ ခလရ -၂၇၅ တပ်ရင်းအတွင်း အင်းအား စုဖွဲ့ပြင်ဆင်မှု ဆက်တိုက် လုပ် ဆောင်နေသည်ဟု မြဝတီ စစ်ရေးစောင့်ကြည့်နေသူများက ပြောဆိုသည်။
ထို့အပြင် လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်းတစ်တွင် ကရင်ပြည်နယ်အတွင်း ဖားအံ၊ သံတောင်ကြီးနှင့် မြဝတီ မြို့တို့၌ ပြုလုပ်သွားမည်ဟု စစ်တပ်ခန့် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ထားသည်။



















