Home သတင်း စစ်တပ်က ခံစစ်စခန်းအဖြစ် အသုံးပြုရန် တံတား၂ ၌ နေရာယူခြင်းဖြစ်ဟု BGF သုံးသပ်

စစ်တပ်က ခံစစ်စခန်းအဖြစ် အသုံးပြုရန် တံတား၂ ၌ နေရာယူခြင်းဖြစ်ဟု BGF သုံးသပ်

971
Photo: CJ

ဩဂုတ် ၂၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး မြဝတီ အမှတ်(၂) တံတားနေရာ၌ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့် ဩဂုတ် ၂၄ ရက်နေ့ ညပိုင်းမှစ၍ ရောက်ရှိ တပ်စွဲထားခြင်းသည် ခံစစ်စခန်း အဖြစ်အသုံးပြုရန် ဖြစ်နိုင် သည်ဟု ကရင်နယ်ခြားစောင့်တပ် (BGF)၊ တပ်နယ်(၂)ဗျူဟာမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းက သုံးသပ်ပြောသည်။

အဆိုပါ တံတား-၂ သည် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိက အသုံးပြုနေသည့် တံတားဖြစ်ပြီး စစ်တပ်က ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်နေ့တွင် ယာယီပိတ်ထားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဩဂုတ် ၂၄ ရက်နေ့ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်တပ်စွဲထားမှုအပေါ် BGF ဗျူဟာမှူး၊ ဗိုလ်မှူးချုပ် စောတင်ဝင်းက ယခုလို ပြောသည်။

“အဲဒီနေရာက သူတို့လုံခြုံရေးအတွက် နေရာကောင်းလဲ ဖြစ်တယ်။ အဲမှာသူတို့သွားစုနေတာ တကယ်လို့ တစ်ခုခု ဖြစ်ရင် သူတို့အတွက်လုံခြုံတယ်။ အဲဒီနေရာက တစ်ခြားနေရာထက်တောင် လုံခြုံတယ်။ ဘာဖြစ်လဲဆိုတော့ အရင် တစ်ခါတိုက်ပွဲဖြစ်တုန်းက သူတို့က အဲဒီနေရာမှာဘဲသွား စုပြီးနေတယ်။ အခု အဲဒီနေရာက နောက်ဆုံး ခံစစ် နေရာအဖြစ်သူတို့ ထားတာပေါ့။ နေရာ ကောင်းတယ် တံတားတွေလည်းကာထားတယ် အထပ်လည်း များတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ တံတား ၂ ၌ တပ်စွဲထားသည့် တပ်ဖွဲ့သည် မြဝတီမြို့ အဝင် ခြေလျင်တပ်ရင်း (ခလရ ၂၇၅) မှ ဖြစ်ပြီး တချို့အရပ်ဝတ်များဖြင့် လက်နက်ကိုင်ဆောင်ကာ သုံးယောက် တစ်စုစီ နေရာယူထားသည်ဟု မြက်မြင်တွေ့ရှိသူ ဒေသခံ တစ်ဦးက ပြောသည်။

Photo: CJ

ထို့အပြင် မြဝတီမြို့စောင့်တပ်ဖြစ်သည့် ခလရ (၂၇၅) တပ်ရင်းအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အင်အားရာနှင့် ချီ ဖြည့်တင်းထားပြီး တပ်အနီးနေထိုင်သူများ သတိဖြင့် နေထိုင်နေရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“အခုက တံတား(၂)လဲပိတ်ထားတော့ တိုက်ပွဲဖြစ်လာမယ်ဆိုပြီး ပြောနေကြတယ်။ ပြီးတော့ မြဝတီက ၂၇၅ တပ်ရင်းထဲမှာ အင်အားတိုးထားတော့ ဆက်နေရမလား ရှောင်ရမလား အခုအနီးမှာနေတဲ့ လူတွေကတော့ စိုးရိမ် နေရတာပေါ့”ဟု မြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် မြဝတီမြို့ တောင်ဘက်ရှိ စစ်အုပ်စုတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ချိန်တွင် ထိုင်း ဘက် ထွက်ပြေးသွားသည့် တပ်သားများကိုလည်း ခလရ-၂၇၅ တပ်ရင်း၌ ပြန်လည် နေရာချထားပြီး အင်အား စုထားသည်ဟု မြဝတီမြို့နယ်ရှိ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဧပြီလအတွင်းက မြဝတီမြို့စောင့်တပ် ခလရ-၂၇၅ တပ်ရင်းကို ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNLA ဦးဆောင်ကာ တော်လှန်ရေးပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ချိန်က စစ်တပ်က အရပ်သားဝတ်စုံ ဝတ်ဆင်ပြီး အမှတ် (၂)တံတား အဆောက်အဦးဝင်းထဲသို့ နောက်ဆုတ်ကာ ခံစစ်အဖြစ် အသုံးပြုခဲ့ဘူးသည်။ ထိုအချိန်က မြဝတီမြို့နယ်ထဲသို့ စစ်တပ်က အကြိမ် ၁၀၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။