Home သတင်း အောင်ဇေယျ စစ်ကြောင်း ဗျူဟာပြောင်းတိုက်ခိုက်နေသော်လည်း ရှေ့မတိုးနိုင်သေး

အောင်ဇေယျ စစ်ကြောင်း ဗျူဟာပြောင်းတိုက်ခိုက်နေသော်လည်း ရှေ့မတိုးနိုင်သေး

527

ဩဂုတ် ၂၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်-မြဝတီ အာရှလမ်းကို ပြန်ထိန်းချုပ်ရန် စစ်ဆင်နေသည့် အောင်ဇေယျ စစ်ကြောင်းသည် ဩဂုတ် ၂၃ ရက်မှစ၍ လူလှိုင်းထိုးစစ် ဗျူဟာပြောင်း တိုက်ခိုက်နေသော်လည်း ရှေ့မတိုးနိုင်ဖြစ်နေသည်ဟု တော်လှန်ရေး တပ် စစ်မြေပြင်သတင်းရင်းမြစ်က ပြောသည်။

အောင်ဇေယျ စစ်ကြောင်းကို အာရှလမ်း တတန်ကူး-ကော့နွဲ လမ်းပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLAနှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က အကျအဆုံး များနေသည်ဟု မြေပြင်စစ်ရေး သတင်းရင်းမြစ်က ယခုလို ပြောသည်။

“တပ်သားသစ်တွေကို လူလှိုင်းလုံး စစ်ဆင်ရေးလုပ်ပြီး အတင်းတက်လုံးခိုင်းတော့ တိုက်ပွဲပြင်းနေတယ်။ သူတို့ ဘက်က အကျအဆုံးများနေတယ်။ နောက်က ဆောက်လုပ်ရေးအဖွဲ့ကို ကော့နွဲ့တံတားထိုးခိုင်းပြီး အမြောက်တင် စစ်ကားတွေ၊ ရော့ကက်မစ်ဇိုင်းကားတွေ တစ်ရှိန်ထိုးစစ်ဆင်ဖို့ လုပ်နေတာ ရှေ့ဆက်မရ ဖြစ်နေတယ်။ ဒရုန်းနဲ့က တော့သူကြဲ ကိုယ်ကြဲဘဲ တိုက်နေတယ်” ဟု ၎င်းက ပြောသည်။

အောင်ဇေယျစစ်ကြောင်းသည် တတန်ကူးရွာ ကျော်လာပြီး ကော့နွဲရွာ တံတားကို ဘေလီတံတားထိုးပြန်ဆောက် ရန် ယန္တရားယာဉ် ၁၀ စီးကျော် လှိုင်ဝ၊ ကော့ကရိတ်အာရှလမ်းခွဲအနီးတွင် လုံခြုံရေး တပ်ဖွဲ့များနှင့်အတူ အာရှ လမ်းဘက် ထွက်ခွာရန် စောင့်ဆိုင်းနေသည်ဟု သိရသည်။ ထို့အပြင် ကော့ကရိတ် ခလရ ၉၇ တပ်ရင်းက အာရှ လမ်းဘက် လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ကော့ကရိတ် မြို့ထဲက ၉၇တပ်ကရော၊ လှိုင်ဝ အမြောက်တပ်က ရောပစ်နေတာ အသံတော်တော် ကျယ်တယ်။ ကျပေါက်တဲ့ နေရာဆိုရင်ဘယ်လောက်ပြင်း မလည်း မသိဘူး။ တောင်ပေါ်ဘက်ကို နေ့တိုင်းလက်နက်ကြီးတွေ ပစ်နေတာ၊ စကစတွေထိတာ၊ သေတာတွေ ၉၇ ဘက် ပြန်သယ်လာလိုက်၊ စကခ-၁၂ ဘက်၊ တောင်ကလေးဘက် ပြန်သယ်လိုက်လုပ်တော့ စစ်ကားတွေသွား နေတယ်” ဟု ကော့ကရိတ် မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိ ကျုံဒိုး- နဘူး လမ်းပိုင်း အင်းကြီး ရွာဘက်တွင် KNLA မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်များနှင့် အာဏာသိမ်း စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားနေသလို တတန်ကူး၊ ကော့နွဲ၊ တော်နော်ရေတံခွန် တောင်ကျော နေရာ တွင်လည်း နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်ဟု သတင်းရရှိထားသည်။