Home သတင်း ခွဲကဘောင် ကရင်အမျိုးသားကျောင်း လက်ချည်ပွဲနှင့် အားကစားပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်

ခွဲကဘောင် ကရင်အမျိုးသားကျောင်း လက်ချည်ပွဲနှင့် အားကစားပြိုင်ပွဲ ဆုပေးပွဲ ပြုလုပ်

505

ဩဂုတ် ၁၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့၊ မယ်ပရပ်ကွက်ရှိ ခွဲကဘောင် ကရင်အမျိုးသား အထက်တန်းကျောင်း၏ ကရင့်ရိုးရာ လက်ချည်ပွဲ၊ ကျောင်းအားကစားပြိုင်ပွဲနှင့် ကရင်အာဇာနည်နေ့တို့ကို ဩဂုတ် ၁၂ ရက်နေ့၊ နံနက် ပိုင်း တွင် စုပေါင်းကျင်းပခဲ့သည်။

ယနေ့ နံနက် ၇ နာရီမှာ စတင်ကျင်းပတဲ့ အခမ်းအနားတွင် ကရင်လူငယ်များ အနာဂတ်အတွက် တက်ညီလက်ညီ ကြိုးစားသွားကြရန် ကျောင်းအုပ်ဆရာကြီး မန်းကျော်ခလိန်းယှူက တိုက်တွန်းပြောဆို ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကျောင်းတာဝန်ရှိသူများ၊ ကျောင်း ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ကရင်လူမှုအသိုင်းအဝိုင်းမှ တာဝန်ရှိသူတို့ နှင့် အနီးတဝိုက်ရှိ ကရင်လူမျိုးများ အပါအဝင် စုစုပေါင်း လူဦးရေ ၁၀၀ ဦး ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

ခွဲကဘောင်ကရင်အမျိုးသားအထက်တန်းကျောင်းကို မဲဆောက်မြို့ ၊ မယ်တောင် ရပ်ကွက် (၃) ရပ်ကွက်တွင် ဖွင့်လှစ်ထားပြီး ကျောင်းဆောင်သစ်ကို ထိုင်းဆရာတော် Luang Por Prida Phabhatharo ၏ ကူညီပံ့ပိုးမှုဖြင့် မြေနေရာ ဝယ်ယူပြီး ဘတ်ငွေ ၇ သန်း အကုန်ကျခံ တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ခွဲကဘောင်ကရင်အမျိုးသား အထက်တန်းကျောင်းတွင် KG အတန်းမှစ၍ ၁၂ တန်းအထိ ကျောင်းသူ၊ ကျောင်း သားပေါင်း ၃၀၀ ကျော်ခန့် ပညာသင်ကြားနေလျက်ရှိပြီး ကျောင်းသင်ခန်းစာများအပြင် ထိုင်း၊ ကရင် (ပိုး၊ စကော) စသည့် ဘာသာရပ်များကိုလည်း နေ့ရက်အလိုက် သင်ကြားပေးသည်ဟု သိရသည်။