Home သတင်း ပုလောမြို့နယ် နန်းတောင်ရွာရှိ စစ်‌ဆေးရေးဂိတ် တိုက်ခိုက်ခံရမှု စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

ပုလောမြို့နယ် နန်းတောင်ရွာရှိ စစ်‌ဆေးရေးဂိတ် တိုက်ခိုက်ခံရမှု စစ်ကောင်စီတပ်သား ၁ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

472
Photo: တပ်မဟာ (၄) အထူးတပ်ဖွဲ့

သြဂုတ် ၁၂ ရက်၊ ၂၀၂၅။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နန်းတောင်ရွာရှိ စစ်ကောင်စီ စစ်‌ဆေးရေးဂိတ်စခန်းအား ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁) ဦး သေဆုံးပြီး (၄) ဦး ပြင်းထန်ဒဏ်ရာရ ခဲ့ကြောင်း KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့က သြဂုတ် ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဩဂုတ် ၉ ရက် နံနက် ၆ နာရီခန့်တွင် နန်းတောင်ရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီဂိတ်စခန်းအား KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ တပ်စခန်းများတွင် လုံခြုံမှုမရှိကြောင်း ခံစားမှုများ ဖြစ်ပေါ်စေရန်နှင့် ၎င်းတို့၏ နေ့စဉ် စစ်ဆင်ရေးလုပ်ငန်းများအား အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်၍ တိုက်ခိုက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့က ပြောသည်။

“သူတို့တပ်ရင်းထဲက လှမ်းလှမ်းပစ်တာ ရှိတယ်။ သူတို့က အဓိကရွာတွေဘက်ကို ပစ်ပေမယ့် ထိခိုက်မှုအကြီးစားတော့ မရှိဘူး။ ကျနော်တို့က အင်အားစုနေတာကို ပြန့်ကျဲ‌စေဖို့ သွားရောက် တိုက်ခိုက်တာပါ” ဟု တပ်မဟာ (၄) အထူးတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပြန်လည် ခုခံတိုက်ခိုက်ခဲ့သည်ဟု ဆိုသော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ (အထိခိုက်မရှိဘဲ) ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့က ထုတ်ပြန်ချက်အရ၊ စစ်ရေးအရှိန် တိုးမြင့်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်သဖြင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးအသိများဖြင့် နေထိုင်သွားလာကြရန်၊ စစ်တပ် တပ်စွဲထားသည့်နေရာများနှင့် အနီးအနားများတွင် နေထိုင်ခြင်းမပြုရန် သတိပေးခဲ့သည်။