Home သတင်း ဘန်ကောက်မြို့ ချတူချက်စျေးအနီး ပစ်ခတ်မှု လူ ၅ ဦး သေဆုံးပြီး သေနတ်သမားလည်း မိမိကိုယ်ကို အဆုံးစီရင်

ဘန်ကောက်မြို့ ချတူချက်စျေးအနီး ပစ်ခတ်မှု လူ ၅ ဦး သေဆုံးပြီး သေနတ်သမားလည်း မိမိကိုယ်ကို အဆုံးစီရင်

481
Photo: Social Media

ဇူလိုင် ၂၈၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ချတူချက်ခရိုင်အတွင်းက အောတောကောဈေးတွင် ယနေ့ ဇူလိုင်လ ၂၈ရက် နံနက် ပစ်ခတ်မှုကြောင့် သေဆုံးသူ ၅ ဦး အထိရှိခဲ့ပြီး သေနတ်သမားလည်း ထိုနေရာတွင်ပင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူများတွင် လုံခြုံရေးဝန်ထမ်း ၄ ဦး၊ အမျိုးသမီးဈေးသည် ၁ ဦးပါဝင်ပြီး အခြားအမျိုးသမီး ၂ ဦးလည်း ထိခိုက်ဒဏ်ရာရထားသည်။

နခွန်ရချဆီမာဒေသခံဖြစ်သည့် အသက် ၆၁ နှစ်အရွယ် ထိုင်းနိုင်ငံသား သေနတ်သမားကိုလည်း ဈေးခုံတန်းတစ်နေရာပေါ်တွင် သေဆုံး လျက်တွေ့ရှိပြီး ပစ်ခတ်ရသော အကြောင်းအရင်းကို မသိရသေးပေ။

Photo: Social Media

ဈေးအနီးတဝိုက် မျက်မြင်သက်သေများရိုက်ကူးထားသော ဗီဒီယိုဖိုင်ရုပ်သံများအတွင်း ဈေးရုံအတွင်း လုံခြုံရေးဝန်ထမ်းများ သေဆုံးသော ရုပ်အလောင်းများကို တွေ့ရှိရသည်။

ပစ်ခတ်မှုမှာ ယနေ့နံနက် ၁၂ နာရီ ၃၈ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဥ်အသေးစိတ်ကို ရဲတပ်ဖွဲ့က စုံစမ်းနေသည်ဟု သိရသည်။

တဖက်တွင်လည်း အမေရိကန်သမ္မတဖိအားပေးခြင်းကြောင့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ် အငြင်းပွားမှုပြဿနာကို အဖြေရှာရန် သက်ဆိုင်ရာနိုင်ငံအစိုးရများ၏ ခေါင်းဆောင်များက ကွာလာလမ်ပူမြို့တွင် ယနေ့ ထိုင်းစံ တော်ချိန်နေ့လည် ၂ နာရီ (မလေး ၃ နာရီ)စကာ အစည်းအဝေးတစ်ရပ်ကျင်းပနေသည်။

ကိုးကား Bangkok Post