ဇူလိုင် ၂၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)ထံသို့ ဘက်ပြောင်းလာသည့် ဒုဗိုလ်မှူးကြီးစောဟယ်ရီသည် တပ်စည်းကမ်း မလိုက်နာခြင်းကြောင့် ဇူလိုင် ၂၇ ရက်နေ့တွင် ထုတ်ပယ်လိုက်သည်ဟု ဒုစစ်ဦးစီးချုပ်စောရွှေဝက ပြောသည်။
အဆိုပါ စောဟယ်ရီသည် စစ်စည်းကမ်း တာဝန်ထက်ကျော်လွန်ပြီး လိုက်နာရန် ပျက်ကွက်သည့်အတွက် DKBA က အပြီးတိုင် ထုတ်ပယ်လိုက်ခြင်းဖြစ်သည်ဟု ဒုစစ်ဦးစီးချုပ်၊ ဒုဗိုလ်ချုပ်ကြီးစောရွှေဝက ကေအိုင်စီသို့ ယခုလို ပြောသည်။
“ပြန်လာတဲ့အချိန်တုန်းက ဗိုလ်ဆန်းအောင်ဆီမှာဘဲ တပ်ရင်းမှူးဘဲလုပ်ချင်တော့ တပ်ရင်းမှူးရာထူးပေးတယ်။ သူ့ အောက်က တပ်သား အယောက် ၁၀ လောက်ဘဲရှိတယ်။ နောက်ပိုင်း သူ့ကို သူများကြပ်တယ်ဆိုပြီး ကျနော့်ဆီ ကို လာမယ်ပြောတော့ ကျနော်က လာခဲ့လက်ခံတယ်။ ဒါပေမယ့် သူမပေါ်လာဘူး။ သွားလာတာလဲ ဘယ်သူ့ကိုမှ မပြောဘူး။ စစ်သားလုပ်ရင် ဘယ်သွားသွားအသိပေး ရမယ်။ အခုက ဘယ်မှာရှိလဲမသိ လာခိုင်းလည်းမလာ ဆိုတော့ ကျနော်တို့က စည်းကမ်းမလိုက်နာတဲ့ စစ်သားဆိုရင် လက်ခံလို့ မရဘူး” ဟု ၎င်းက ပြောသည်။
ထို့ကြောင့်စစ်စည်းကမ်းပုဒ်မ(၂)အရ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း၊ ပုဒ်မ(၁၃)အရ ပေးအပ်ထားသည့် တာဝန်ထက် ကျော်လွန်သည့် စမ်းကမ်းချက်များကို ပျက်ကွက်သည့်အတွက် DKBA ဗဟိုအလုပ်မှုဆောင် ကော်မတီ (CEC) ၏ ဆုံးဖြတ်ချက်အရ အဖွဲ့အစည်းမှ အပြီးထုတ်ပယ် လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဒုဗိုလ်မှူးကြီးစောဟယ်ရီသည် ကော်သူးလေအာမီ (KTLA) ဗဟိုက ချမှတ်ထားသည့် စည်းကမ်းမလိုက်နာသည့် အတွက် KTLA က ထုတ်ပယ်လိုက်ပြီးနောက် မေ ၁၄ ရက်နေ့တွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်ထံတွင် လက်နက်နှင့်အတူ တပ်ဖွဲ့ဝင် ၂၀ ကျော်ခန့် နှင့် ဘက်ပြောင်းလာခဲ့သူ ဖြစ်သည်။



















