Home သတင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA အပေါ် ပြည်သူတို့၏ အမြင်များ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA အပေါ် ပြည်သူတို့၏ အမြင်များ

1023

ဇူလိုင် ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဆယ်စုနှစ် ၇ ခုကျော်ကြာ ကရင်အမျိုးသားတွေအတွက် ရပ်တည်လာခဲ့တဲ့ KNLA ရဲ့ ရပ်တည်ချက်နဲ့ စွမ်းဆောင်ရည်အပေါ် ကရင်ပြည်သူတွေရဲ့ အမြင်ကဘယ်လိုရှိနေသလဲ။ လာမဲ့ အနာဂတ်မှာ KNLA တပ်ဖွဲ့ကို ဘယ်လို မြင်တွေ့သွားချင်သလဲဆိုတာနဲ့ပတ်သက်ပြီး အလွှာအသီးသီးက ပြည်သူတွေရဲ့အသံတွေကို စုစည်း ဖော်ပြလိုက်ပါတယ်။

စောမင်းသူ – ကော်သူးလေ ဆေးသင်တန်းကျောင်းသား
လာမဲ့အနာဂတ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ အရည်အသွေးပြည့်မီဖို့နဲ့ တိုးတက်လာဖို့ အတွက်၊ စစ်အင်အားတောင့်တင်းလာဖို့အတွက် အဆင့်မြင့်သင်တန်း၊ နည်းပညာပိုင်းတွေမှာ လုပ်ကိုင်နိုင်ဖို့ အတွက် ကျနော်တို့ ပိုပြီးထောက်ပံ့ကူညီပေးရပါမယ်။ စစ်ပွဲတွေဆင်နွှဲ ရာမှာလည်း နဂိုထက်ပိုပြီး စွမ်းဆောင် အောင်မြင် နိုင်ဖို့အတွက် လိုတယ်။ ဘာကြောင့်လဲဆိုတော့ အခုခေတ် တခြားနိုင်ငံက စစ်ပွဲတွေကို ကြည့်မယ် ဆိုရင် စစ်ပွဲထဲမှာသုံးတဲ့ ပစ္စည်းကိရိယာတွေက အဆင့်မြင့်လာတယ်။ ကရင်လူမျိုး လူငယ်တွေကို KNLA မှာ အရေအတွက်များများ လာရောက်ပူးပေါင်းအောင် လုပ်ဆောင်ကြဖို့မျှော် လင့်တယ်။

KNLA ခေါင်းဆောင်တွေကိုယ်တိုင်ကလည်း အရည်အသွေးတွေ ပြည့်မီဖို့၊ စစ်သည်တွေ ထိခိုက်ဒဏ်ရာရနှုန်း နည်းစေဖို့အတွက်၊ နည်းပညာပိုင်းကို ပိုမိုသုံးလာဖို့ ဖြစ်စေချင်တယ်။ ဥပမာ – ဒရုန်းတွေသုံးလာနိုင်မှ စစ်သည် တွေ ထိခိုက်တာလည်း နည်းလာသလိုဘဲပေါ့။ အောင်မြင်မှုပန်းတိုင်နဲ့လည်း အနည်းငယ် နီးကပ်လာမှာပေါ့။
အခု ရန်သူတွေသုံးတဲ့ စစ်ပစ္စည်းကိရိယာတွေကလည်း အဆင့်မြင့်လာတယ်။ အဲဒီလိုပဲ ကျနော်တို့အရည်အချင်း ရှိတဲ့ ကရင်လူငယ်တွေအနေနဲ့ ကိုယ့်တတ်နိုင်တဲ့ တစ်ထောင့်၊ တစ်နေရာကနေ ကော်သူးလေဌာနဆိုင်ရာတွေမှာ ဖြစ်စေ၊ ကော်သူးလေတပ်တွေမှာပဲ ဖြစ်ဖြစ် ပိုမိုလိုအပ်နေတဲ့အတွက် အချိန်တိုင်းမှာ ဖိတ်ခေါ်ကြိုဆိုပါတယ်။ ဒီလောက်ပဲပြောချင်ပါတယ်။

နော်မြအေး – ကရင်အမျိုးသမီးအစည်းအရုံး(KWO)
ကျမတို့ ရွာသူရွာသားတွေ မြင်စေချင်၊ ဖြစ်စေချင်တာကတော့ ကျမတို့က တစ်ခုတည်းသော စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေတစ်ခုတည်းအောက်မှာပဲ နေချင်ပါတယ်။ တကွဲတပြားဖြစ်တာကို မလိုချင်ပါဘူး။ ဘယ်လို စည်းမျဉ်း၊ စည်းကမ်းတွေ ဖြစ်ပါစေ ကျမတို့ ဖြစ်စေချင်တာက တစ်ယောက်တည်းကထုတ်ပြီး လမ်းကြောင်း တစ်ကြောင်းတည်းကိုပဲ လိုချင်ပါတယ်။ အများပြည်သူတွေက အဲဒီလို ညည်းညူတာ တွေရှိပါတယ်။

တပ်မတော်ကိုလည်း ရွာသူရွာသားတွေက တစ်ဖွဲ့တည်းရှိစေချင်တယ်။ နာမည်ကိုလည်းတစ်လုံးတည်း ဖြစ်စေ ချင်တယ်။ စိုးမိုးရာ နေရာဒေသတိုင်းမှာ တည်ရှိနေတဲ့တိုင်အောင် ပြည်သူတွေက မိမိအမျိုးသားရဲ့ စည်းလုံး ညီညွတ်မှုကို တွေ့မြင်ရပြီး စိတ်ကျေနပ်မှုရှိစေဖို့အတွက် အဲဒီကိစ္စတွေကို ကျမတို့နယ်မြေထဲမှာ ညည်းညူ ကြတာ အများကြီးတွေ့ရတယ်။

KNLA ကိုတော့ ပြည်သူတွေတော်တော်ကြီး တန်ဖိုးထားလေးစား ကြပါ တယ်။ ချစ်လည်းချစ်ကြပါတယ်။ KNLA နေရာတိုင်းကိုလွမ်းမိုးနိုင်ဖို့အတွက် သူတို့မျှော်လင့်သလို အဲဒါနဲ့ ပတ်သက်ပြီး ပြောသံ ဆိုသံတွေကို နေရာဒေသတော်တော်များများက အများပြည်သူတွေရဲ့အသံကို ကျမတို့ အမြဲတမ်း ကြားခဲ့ရတယ်။ ကျမတို့ ရောက်ခဲ့တဲ့ဒေသတွေမှာ ကျေးနယ်ဥက္ကဋ္ဌတွေပဲ ဖြစ်ဖြစ်၊ အမျိုးသမီး တွေပဲဖြစ်ဖြစ် ပြောဆိုနေကြတာကို အမြဲတမ်းကြားရပါတယ်။

စထီးထာ -ကရင်လူငယ်တက်ကြွလှုပ်ရှားသူ
ကျနော်တို့က ၇၆ နှစ်ရှိပြီ။ ကရင်ရဲ့နိုင်ငံရေးအရ ညှိနှိုင်းဆောင်ရွက်မှုတွေ၊ လုပ်ဆောင်မှုတွေ အမျိုးမျိုး လုပ်ဆောင် ခဲ့တယ်။ မဖြစ်နိုင်တဲ့အဆုံးမှာမှ ခုခံတော်လှန်ရေးကိုစခဲ့တယ်။ ဒီတော်လှန်ရေးစပြီးတဲ့နောက်ပိုင်းမှာ အဓိက သွေးတွေ၊ ချွေးတွေ ပေးဆပ်ပြီးတော့မှ တကယ့်ပကတိလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပြီး လုပ်ဆောင်ခဲ့တာ KNLA ဖြစ်တယ်။

ကျနော်တို့တွေက KNLA ဖြစ်ပေါ်လာတဲ့ တော်လှန်ရေးအခြေအနေ၊ လက်ရှိအခြေအနေတွေ အရရော ကိုယ့်ရဲ့ရှိနေတဲ့ လက်ရှိအရင်းအမြစ်နဲ့ ကိုယ့်အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်သော မျိုးချစ်စိတ်နဲ့ ရှိနေတဲ့ လက်နက်တွေနဲ့ ပြန်ပြီး ရန်သူကို ခုခံတော်လှန်နေရတယ်။ လက်ရှိအခြေ အနေမှာ ပိုပြီးတော့မှ အားရ ကျေနပ်မှုရှိတယ်။ ဒီထက်ပိုပြီးတော့ စနစ်ကျတဲ့ တပ်မတော်ကြီး၊ တိုင်းပြည်အတွက်ရော၊ လူမျိုးအတွက်ရော၊ ကျနော်တို့အမျိုးသားတာဝန်အတွက်ကိုပါ လုံခြုံပြီးလွတ်မြောက်ဖို့ လုပ်ဆောင်နိုင်ဖို့အတွက် ဆက်ပြီး ကရင် လူထုအင်အား၊ ကရင်လူမျိုးအင်အားနဲ့ ချီတက်သွားဖို့ လိုအပ်ပါတယ်။