Home သတင်း ရှေ့တန်းအတွက် ထမင်းချက်နေရာသို့ ဝင်ရမ်းကားသည့် KTLA အဖွဲ့ဝင် ၂၀ ဦးကျော် ထိန်းသိမ်းခံရ

ရှေ့တန်းအတွက် ထမင်းချက်နေရာသို့ ဝင်ရမ်းကားသည့် KTLA အဖွဲ့ဝင် ၂၀ ဦးကျော် ထိန်းသိမ်းခံရ

488
Photo: CJ(ပုံဟောင်း)

ဇူလိုင် ၁၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ကော့ကရိတ်မြို့နယ် ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲဝင် ရှေ့တန်းရဲဘော်များအတွက် ထမင်းချက်နေရာသို့ ဝင်ရမ်းကားသည့် ကော်သူးလေအာမီ-KTLA အဖွဲ့ဝင် ၂၀ ဦး ကျော်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA က ဖမ်းဆီးထိန်းသိမ်း လိုက်သည်။

ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲဝင် ရဲဘော်များအတွက် ဇူလိုင် ၁၂ ရက်နေ့တွင် ထောက်ပို့ အဖွဲ့ဝင်များက ထမင်း ချက်နေစဉ် KTLA အဖွဲ့ဝင် ၂၀ ဦးကျော်သည် အရက်မူးပြီး ရောက်ရှိလာကာ စားစရာတချို့ကို ခွင့်ပြုချက်မရဘဲ ရမ်းကားယူဆောင်သွားသည့်အတွက် ယခုလို ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်ဟု KNLA (၂၀၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောဘူးဖောက ယခုလို ပြောသည်။

“ဖြစ်စဉ်ပြောရရင် ဒီမှာ သူများစခန်းသိမ်းတိုက်ပွဲလုပ်တာကို လူထုတွေက ရဲဘော်တွေကို ထမင်းဟင်းပို့ဖို့ ဟင်း ချက်တဲ့နေရာကို သူတို့က မူးပြီးတော့ အဲဒီနေရာကိုသွားတာ။ အဲဒီ့က စားစရာ ကြက်ဥတို့ ဘာတို့ ယူသွားတာ မတော်မတရားလုပ်သလို ဖြစ်တာ။ အဲဒါကြောင်း အဲဒီ့လူတွေကို ထိန်းသိမ်းထားလိုက်တာ”ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ KTLA တပ်ဖွဲ့ဝင်များသည် ထောက်ပို့ထမင်းချက်သည့်နေရာတွင် စားစရာများဝင်ရောက်ယူသည့်အပြင် သေနတ်ပစ်ဖောက်သည့်အထိပါ လုပ်ဆောင်ခဲ့သည်ဟု ထိုဒေသတွင်းရှိ အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောဆိုသည်။

“ထမင်းချက်တဲ့ နေရာကို စားစရာတွေ ဝင်ယူတာ သူများပြောတော့ သူတို့က ပြန်သောင်းကျန်းပြီး သေနတ်ပစ် ဖောက်လိုက်တာတွေ လုပ်တယ်။ အဲဒါ တာဝန်ရှိသူတွေက သွားပြီးတော့ အဲမှာပါတဲ့ အယောက် ၂၀ ကျော်ကို အကုန် ဖမ်းထားလိုက်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

KTLA အဖွဲ့ဝင်တချို့ ထောက်ပို့များ ထမင်းဟင်းချက်သည့် နေရာကို သွားရောက်ရမ်းကားသည့် ကိစ္စနှင့်ပတ်သက် ၍ KTLA တာဝန်ရှိသူများကို ကေအိုင်စီက ကြိုးစားဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရ ဖြစ်နေ သည်။

ထိုဒေသတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ကရင်အမျိုးသားကွယ်ရေးတပ်ဖွဲ့ -KNDO အပြင် KTLA အဖွဲ့များလည်း လှုပ်ရှားသည့် ရောနှောနယ်မြေ ဟုသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ဥကရစ်ထရွာအနီးရှိ စစ်ကောင်စီကာကင်း စခန်းငယ်တစ်ခုကို KTLA ဘက်က သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ဖူး ပြီး ယခု ဥကရစ်ထစခန်းသိမ်းတိုက်ပွဲတွင် KTLA အဖွဲ့ဝင်များ မပါဝင်ကြောင်း သိရသည်။

ဥကရစ်ထ စခန်းကို ဇူလိုင် ၁၂ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် PDF တပ်ဖွဲ့ဝင်များပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်တို့က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စခန်းရှိ စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။