Home သတင်း KNU/KNLA-PC ဒုဥက္ကဋ္ဌ နော်ကပေါ်ထူးအပါအဝင် အမျိုးသမီး ၁၅၀ ကျော်ကို စစ်ကောင်စီက ဘွဲ့တံဆိပ်များပေး

KNU/KNLA-PC ဒုဥက္ကဋ္ဌ နော်ကပေါ်ထူးအပါအဝင် အမျိုးသမီး ၁၅၀ ကျော်ကို စစ်ကောင်စီက ဘွဲ့တံဆိပ်များပေး

207
Photo: SAC

ဇူလိုင် ၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီနှင့် အပစ်ရပ်ထားသည့် KNU/KNLA-PC ကရင်ငြိမ်းချမ်းရေးကောင်စီ ဒုဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ် ထူးအပါအဝင် စစ်ကောင်စီဌာနဆိုင်ရာလက်အောက်ရှိအမျိုးသမီး ၁၅၀ ကျော်ကို ယနေ့ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ပေးအပ်ကြောင်း စစ်တပ်ထိန်းချုပ်သည့်မီဒီယာမှ ထုတ်ပြန်သည်။

နော်ကပေါ်ထူးအပါအဝင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီသစ်-ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနှင့် စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အငြိမ်းစားပါမောက္ခ ဒေါက်တာဒေါ်ပိုတို့ (၃)ဦးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က အများပြည်သူအကျိုးပြုစွမ်းဆောင်မှု ဂုဏ်ထူးဆောင် ဝဏ္ဏကျော်ထင်ဘွဲ့ကို ပေးခဲ့ခြင်းဖြစ်သည်။

၎င်းတို့အပြင် အခြားဌာနဆိုင်ရာဝန်ထမ်း အမျိုးသမီးများ၊ လူထုတွင်းမှအမျိုးသမီးများ စုစုပေါင်း ၁၅၀ ကျော်ကို လည်း စစ်ကောင်စီက စီမံထူးချွန်တံဆိပ်၊ စွမ်းဆောင်မှုဆိုင်ရာတံဆိပ်၊ စွမ်းရာသတ္တိတံဆိပ်များ အသီးသီးပေးခဲ့သည်။

ဝဏ္ဏကျော်ထင်ဘွဲ့ရ နော်ကပေါ်ထူးမှာ ၂၀၀၇ ခုနှစ်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မှ ခွဲထွက်ပြီး နအဖ စစ်အစိုးရနှင့်ငြိမ်းချမ်းရေးယူရာတွင် ဦးဆောင်သူ KNU/KNLA-PC မှ ဗိုလ်ချုပ်စောထိန်မောင်၏ သမီးဖြစ် သည်။ လက်ရှိတွင် တိုင်းပြည်အာဏာသိမ်းထားသော စစ်ကောင်စီနှင့် NCA အဖွဲ့ဆွေးနွေးပွဲ များပြုလုပ်ရာ တွင်လည်း PC ကိုယ်စားလှယ်အနေဖြင့် ပါဝင်တက်ရောက်လေ့ရှိသူဖြစ်သည်။

နေပြည်တော်တွင် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ စစ်ကောင်စီက ဦးစီးကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၅ တွင်လည်း PC ဘက်က ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်အပြင် ALP မှ ဒေါ်စောမြရာဇာလင်းတို့ တက် ရောက်ဆွေးနွေးမှုများရှိခဲ့အပြီး ရက်ပိုင်းအကြာမှာ စစ်ကောင်စီထံမှ ယခုလို ဂုဏ်ထူးဆောင်ဘွဲ့ပေးခံရခြင်း ဖြစ် သည်။

အာဏာရ စစ်အစိုးရ အဆက်ဆက်သည် မြန်မာပြည်လွတ်လပ်ရေးရပြီးကတည်းက ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဆုတံဆိပ်များ ပေးသည့်အလေ့အထ ပြုလုပ်လာပြီး လက်ရှိ အာဏာသိမ်းစစ်ကောင်စီလက်ထက် ပြီးခဲ့သည့်၂၀၂၃ ခုနှစ်ကလည်း သီရိပျံချီဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့ စသည်တို့ကို ၎င်းနှင့်ဆက်ဆံရေးကောင်းမွန်သူ ၅၄ ဦးအား ချီးမြှင့်ခဲ့သေးသည်။

Photo: SAC