Home သတင်း ဧရာဝတီတိုင်းတွင် ထောက်ပို့အမှုဖြင့် လူငယ်များဆက်တိုက် အဖမ်းခံရ

ဧရာဝတီတိုင်းတွင် ထောက်ပို့အမှုဖြင့် လူငယ်များဆက်တိုက် အဖမ်းခံရ

902
Photo: Crd.

ဇူလိုင် ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီးတွင် လက်ရှိ တိုက်ပွဲဖြစ်ပွားရာ ဒေသအနီးရှိ ကျုံပျော်၊ ရေကြည်၊ ဟင်္သာတ အစရှိသည့် မြို့နယ်များတွင် လူငယ်အများအပြား ထောက်ပို့ပြုလုပ်သည့် စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ဇွန်လဝက်မှစပြီး ယခုလဆန်းပိုင်းအထိ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း အခြေအနေကို သိရှိသည့် ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ရေကြည်မြို့နယ်ရှိ လူငယ်တစ်ဦးကို စစ်တပ်သတင်းပေးသူများ၏ သတင်းပေးမှုကြောင့် ဆေးဝါးနှင့် အဝတ်အစားများဖြင့် အဖမ်းခံရပြီးနောက် ကွင်းဆက်ရှာ ဖွေမှုပုံစံဖြင့် ဆက်လက်ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံ သတင်းအရင်းအမြစ်က ဆိုသည်။

ထို့နောက် ရေကြည်မှတဆင့် ပိုက်စိပ်တိုက် စစ်ဆေးရှာဖွေမှုဖမ်းဆီးမှုအဖြစ် ကျုံပျော်မြို့ နှင့် အနီးအနား ကျေးရွာ များမှ လူငယ်များပါ ဆက်တိုက်ဆိုသလို ဖမ်းဆီးခံလာရခြင်းဖြစ်သည်ဟု အဆိုပါ သတင်းအရင်းအမြစ်က ယခုလို ပြောသည်။

“အရင်ဆုံးရေကြည်ဘက်က ကလေးတစ်ယောက် စပါတယ်။ ပြီးတော့ ကျုံပျော်မြို့နားက ထပ်ပါတယ်။ ပြီးတော့ ကျုံပျော်မြို့ နားဝန်းကျင်က နောက်တစ်ခါထပ်ပါတယ်။ ပိုက်စိပ်တိုက် ပုံစံမျိုး တစ်ဆင့်ပြီးတစ်ဆင့် ရက်က မခြားဘဲ ဖြစ်သွားတဲ့ ပုံစံမျိုး။ သတင်းပေးတွေက နေရာတိတိကျကျ ကိုသတင်းပေးပြီး ဝင်ဖမ်းတာ။ အဝတ် အစားတို့ ဆေးဝါးတို့ အဲ့ပစ္စည်းတွေနဲ့ မိတာ”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လူငယ်များသည် ထောက်ပို့အမှုဖြင့် စွပ်စွဲဖမ်းဆီးခံရခြင်းဖြစ်သော်လည်း ၎င်းတို့ သိမ်းဆည်း ရမိသည့် ပစ္စည်းများမှာ ဆေးဝါး နှင့် အဝတ်အစားများသာဖြစ်ပြီး လက်နက်ခဲယမ်းများမပါဝင်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဖမ်းဆီးရမိသည့် ဆေးဝါးနှင့် အဝတ်အစားများမှာ ၎င်းဒေသအတွင်းသို့ ရခိုင်ပြည်နယ်မှ တိမ်းရှောင် လာကြသော စစ်ဘေးရှောင်ပြည်သူများအား ကူညီပေးမည့် ပစ္စည်းများလည်းဖြစ်နိုင်ကြောင်း အထက်ပါ သတင်းအရင်းအမြစ်က မှတ်ချက်ပြု ပြောဆိုသည်။

အထူသဖြင့် ယခုနှစ်ဆန်းပိုင်းမှစပြီး ဧရာဝတီတိုင်းဒေသရှိ ရခိုင်ပြည်နယ် နှင့် ထိစပ်နေသည့် မြို့နယ်များကို အာရက္ခတပ်တော် (AA) ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များက စစ်ကောင်စီအခြေစိုက်စခန်းများကိုစတင် တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်လာပြီးနောက် ၎င်းဒေသသို့ စစ်ဘေးရှောင် အများအပြားရောက်ရှိလာ ကြခြင်းဖြစ်သည်။

၎င်းအပြင် ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများဝင်ရောက်လာမှုကြောင့် စစ်ကောင်စီ ဘက်ကလည်း တော်လှန်ရေး တပ်ဖွဲ့ဝင် များ၏ စိမ့်ဝင်လာမှုများကို တင်းတင်းကြပ်ကြပ် စိစစ်စောင့်ကြည့်နေကာ အဝေးပြေးလမ်းမကြီး များတွင် စစ်ဆေးရေးဂိတ်များ အထပ်ထပ်ချ၍ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။

ယခုလို လူငယ်များ ဆက်တိုက်ဖမ်းဆီးခံလာရမှုကြောင့် အချို့သော နာမည်ထွက်ထားသူများမှာ ရှောင်တိမ်း နေကြရသလို ဒေသတွင်းရှိ လူငယ်အများအပြားလည်း မှားယွင်းဖမ်းဆီး ခံရမှာကို ထိတ်လန့် စိုးရိမ် နေကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကပင် ဧရာဝတီတိုင်းအတွင်း စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်နိုင်ရန် အင်အား စုဖွဲ့မှုများ ပြင်ဆင်ပြုလုပ်ထားကြောင်း ဧရာဝတီပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များက မီဒီယာကို ထုတ်ဖော်ပြောဆိုထား ပြီးနောက်ပိုင်း ယခုလို ဖမ်းဆီးခံရမှုများ ဆက်တိုက်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

လက်ရှိ ဖမ်းဆီးခေါ်ဆောင်ခံထားရသည့် လူငယ် ၅ ဦးခန့် ရှိနေပြီး ၎င်းတို့၏ နောက်ဆုံး သတင်းများကို မသိရှိ ရသေးသလို စစ်ကောင်စီဘက်ကလည်း ၎င်းတို့ ထိန်းချုပ်ထားသည့် မီဒီယာများမှတဆင့် ထုတ်ဖော်ပြောဆို လာခြင်းမျိုး မရှိသေးကြောင်း တွေ့ရသည်။