ဇူလိုင် ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်၊ ဥကရစ်ထကျေးရွာရှိ စစ် ကောင်စီ၏ ဥကရစ်ထစခန်းမှ လက်နက်ငယ် အလက်(၅၀)ထက်မနည်းအပြင် ခဲယမ်းနှင့်လက်နက်ကြီးများ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က ယနေ့ထုတ်ပြန်သည်။
ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့က KNLA ပူးပေါင်းတပ်မှ အဆိုပါပင်မထောက်ပိုစခန်းကို ဒရုန်းအင် အားအများအပြား အသုံးပြုပြီး ဝိုင်းဝန်းပိတ်ဆိုတိုက်ခိုက်ခြင်းမှ ရရှိခဲ့ခြင်းဖြစ်သည်။ ဥကရစ်ထစခန်းကို တိုက်ခိုက်စဥ် စခန်းရှိစစ်ကောင်စီတပ်ဖွဲဝင်များ ထိုင်းနိုင်ငံဘက်သို ထွက်ပြေးသွားခဲ့ကြောင်းလည်း KNU ဗဟိုက တဆက်တည်းဆိုထားသည်။
KNLA မဟာမိတ်ပူးပေါင်းတပ်က ရရှိခဲ့သည့်လက်နက်ခဲယမ်းစာရင်းကိုပုံနှင့်တကွ ထုတ်ပြန်ချက်အရ MA1, MA2, MA3, MA4, ငါးကြင်းမြှီး, ကွန်မန်ဒိုစိန်ပြောင်း စသည့် လက်နက်ငယ်အမျိုးအစား အလက်(၅၀)ထက်မနည်း အပြင် ကျည်ဘောက်၊ ကျည်ဆန်များ၊ လက်ပစ်ဗုံးအများအပြား သိမ်းဆည်းရမိကြောင်း တွေ့ရသည်။

ထိုအပြင် ၆၀ မမ လက်နက်ကြီးအပါအဝင် လက်နက်ကြီးကျည်များကိုလည်း KNLA ပူးပေါင်းတပ်က ရရှိခဲ့ခြင်းဖြစ်သည်။ စခန်းသိမ်းတိုက်ပွဲအတွင်း KNLA အပြင် ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ -PDF ဗျူဟာ(၃၂)၊ ကော်ဘရာစစ်ကြောင်း(၁) တပ်ခွဲ(၂) တိုမှပါဝင်တိုက်ခိုက်ခဲ့သည်ဟု ထိုတပ်ဖွဲများမှ သိရသည်။
ပြီးခဲ့သည့်ဇွန်လ (၂၂)ရက်နေ့က ၂၈ နှစ်ကြာ စစ်ကောင်စီတပ်စွဲထားသည့် နယ်စပ်ခြေကုပ်စခန်း ထီးကပလယ်ကို KNLA ပူးပေါင်းတပ်ကသိမ်းပိုက်နိုင်ခဲ့အပြီး ဇူလိုင်လဆန်းမှစ၍ စစ်ရေးအချက်အချာကျ ဥကရစ်ထနှင့် ဝေါလေဗျူဟာစခန်းတိုကို တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဝေါလေဒေသအတွင်း စခန်းသိမ်းတိုက်ပွဲများဆက်တိုက်ပြင်းထန်နေခြင်းကြောင့် စစ်ကောင်စီ၏ လေယာဥ် ဗုံးကြဲမှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများလည်း ဆက်တိုက်ဖြစ်နေပြီး ဒေသခံပြည်သူ ၃၀၀၀ ထောင်ထက်မနည်း စစ်ဘေးရှောင်နေရသည်။
လက်ရှိ မြဝတီတောင်ဘက်ပိုင်းတွင် ဝေါလေဗျူဟာစခန်းကုန်းနှင့် ထီးသဲလယ် ကာကင်းစခန်း ၂ ခုသာ ကျန်ရှိတော့ရှိသည်။



















