Home သတင်း ခရိုင်ခြောက်ခုအတွက် လယ်ယာစိုက်ပျိုးရေးသုံးအထောက်အပံ့များ ကေအဲန်ယူ ကူညီ

ခရိုင်ခြောက်ခုအတွက် လယ်ယာစိုက်ပျိုးရေးသုံးအထောက်အပံ့များ ကေအဲန်ယူ ကူညီ

800
Photo- KNU

ဇူလိုင် ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးသထူ(သထုံ)၊ တောအူး(တောင်ငူ)၊ ခလယ်လွီထူ(ညောင်လေးပင်)၊ ဒူးပလာယာ(ကော့ကရိတ်)၊ မူတြော်(ဖာပွန်) နှင့် ဖားအံခရိုင်တို့တွင် လယ်ထွန်စက်များ၊ မျိုးစပါးနှင့်ရေနုတ်မြောင်းများတူးဖော်ပေးခြင်းဖြင့် ကေအဲန်ယူ-ဗဟို စီးပွားရေးကော်မတီ၊ လယ်ယာစိုက်ပျိုးရေးဌာနက ထောက်ပံ့ကူညီခဲ့သည်။

ဗဟိုမှတဆင့် ခရိုင်အသီးသီးရှိ လယ်ယာစိုက်ပျိုးရေးဌာနများသို့ SP 155 Riding Tractor (၄)စီး၊ Rhino Tiller-G 007 အမျိုးအစား Horsepower (၁၂)စီး၊ မျိုးစပါးများ၊ စိုက်ပျိုးလုပ်အားခငွေကြေးထောက်ပံ့မှုအပြင် လယ်ဧက(၄၀၀)အတွက် လုပ်အားအကူအညီနှင့် ရေနုတ်မြောင်းများတူးဖော်ပေးခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ဇူလိုင်လ(၁၂)ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

“လယ်သမားတွေအတွက် တပ်မဟာ ၆ ခုလုံးမှာ စိုက်ပျိုးစားသောက်နိုင်ဖို့ပါပဲ။ တိုက်ပွဲတွေကြားမှာပြည်သူတွေ စားသောက်နေထိုင်ဖို့ခက်ခဲတယ်။ တချို့ဆို ထွက်ပြေးတိမ်းရှောင်နေရတာတွေ ရှိတယ်။ သူတို့ ဘာသာ ရပ်တည်၊ စိုက်ပျိုး စားသောက်နိုင်ပြီး အဲဒီကရတဲ့ ၂၀ ရာခိုင်နှုန်းကို နယ်မြေထဲရောက်လာတဲ့ စစ်ရှောင်တွေကို ဝိုင်းဝန်းကူညီကြဖို့ ကျနော်တို့ရည်မှန်းပါတယ်။” ဟု ကေအဲန်ယူ လယ်ယာစိုက်ပျိုးရေးဌာန ဌာနမှူး ပဒိုစောလေစေးက ပြောသည်။

Photo- KNU

ထို့အပြင် ခရိုင်အသီးသီးတွင် ရေနုတ်မြောင်းများတူးဖော်ထားရှိခြင်းဖြင့် လယ်ယာစိုက်ပျိုးမြေဧကများအတွက် ရေစီးရေလာကောင်းပြီး စပါးအထွက်နှုန်းအောင်မြင်ဖြစ်ထွန်းစေမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးမှုအများဆုံးဧကမှာ ပဲခူးတိုင်းဒေသကြီးဖြစ်ပြီး ၎င်းတွင် ကေအဲန်ယူ ထိန်းချုပ်ထားသည့် ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီး၊ မုန်းနှင့်ရွှေကျင်မြို့နယ် တို့သုံးခုလုံးပါဝင်သည်။ ထို့အပြင် ကေအဲန်ယူခရိုင်ခုနှစ်ခုအနက် လူဦးရေ ၄ သိန်းကျော်ဖြင့် စစ်ရှောင်အများဆုံးခရိုင်အဖြစ်လည်း ရပ်တည်နေသည်။

ထို့ကြောင့် ကေအဲန်ယူဘက်က လယ်ယာစိုက်ပျိုးရေးအတွက် မျိုးစပါးထောက်ပံ့ပေးခြင်းမျိုး ယခင်ရှိခဲ့ ဖူးသော်လည်း လိုအပ်သူများသည့်အခြေအနေကြောင့် လုံလောက်မှုမရှိဟု ကျောက်ကြီးမြို့နယ်အတွင်းနေ စစ်ရှောင်နေသူလယ်သမားပြည်သူတစ်ဦးက ပြောသည်။

Photo- KNU

၎င်းက “ကေအဲန်ယူဘက်က ပေးဖူးပါတယ်။ ဒါပေမဲ့ကျနော်တို့ခရိုင်မှာ စပါးစိုက်တဲ့သူတွေအများကြီးပဲလေ။ ဘယ်လုံလောက်မှာလဲ။ ကျနော်တို့လယ်သမားအများစုကတော့ ကိုယ့်မျိုးစပါးကိုယ့်ဘာသာလှောင်ထားပြီး နောက်နှစ်အတွက်ပြန်စိုက်ကြတယ်။ လယ်ထွန်စက်ဆိုလည်း ဆီဈေးကြီးတော့ ကျနော်ကအသေးပဲသုံးတယ်။ ဆီတစ်ဂါလံဆို ကျနော့်လယ်တစ်ဧကရပြီ” ဟု ကေအိုင်စီသို့ ပြောသည်။

နယ်မြေတွင်း အုပ်ချုပ်ရေးအပြင် စစ်ရေးလှုပ်ရှားနေရသည့် ကေအဲန်ယူအနေဖြင့် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် ခရိုင်အများစု၏လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတိုးတက်ရေးအတွက် သိသိသာသာထောက်ပံ့ကူညီမှုများ ပြုလုပ်လာနိုင်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လပိုင်းကလည်း ညောင်လေးပင်ခရိုင်၏ လယ်ယာနှင့်စိုက်ပျိုးရေးဌာနမှ ဦးဆောင်ပြီး ရက်တို စိုက်ပျိုးရေးသင်တန်းပေးနိုင်ခဲ့သေးသည်။