ဇူလိုင် ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီ ရွေးကောက်ပွဲကျင်းပရေးတွင် ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇွန်လ ၃၀ ရက် နေ့တွင် စစ်ကောင်စီလက်အောက်ခံ မီဒီယာများ၌ သတင်းထွက်ပေါ်မှုအပေါ် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA က ပြန်လည်ဖြေရှင်းပြောဆိုသည်။
လာမည့်ဒီဇင်ဘာလတွင် စစ်ကောင်စီကပြုလုပ်မည့် ရွေးကောက်ပွဲကို DKBA အနေဖြင့်လက်ခံပြီး ၎င်းတို့ လှုပ်ရှားရာနယ်မြေများတွင်လည်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ပံ့ပိုးကူညီသွားမည်ဟု စစ်ရေးချုပ် ဗိုလ် မှူးကြီး စောစိန်ဝင်းက ပြောဆိုခဲ့သည့် သတင်းများ စစ်ကောင်စီ မီဒီယာများ၌ တွင်တွင်ကျယ်ကျယ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
၎င်းသတင်းထွက်ပေါ်နေမှုကို ကေအိုင်စီက ဗိုလ်မှူးကြီးစောစိန်ဝင်းအား မေးမြန်းရာတွင် “ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ပြောတဲ့စကားထဲမှာ သူတို့က စကားကို အဖျားတစ်ပိုင်း တစလောက်ပဲ ဖြတ်တောက်ယူတဲ့ပုံစံမျိုးဖြစ်တယ်။ ကျနော်တို့ ပြောချင်တာက ကျနော်တို့ DKBA နယ်မြေ တပ်မဟာ ၆ ထဲမှာ ရွေးကောက်ပွဲဖြစ်လာဖို့က လွယ်ကော လွယ်ကူပါ့မလားပေါ့။ နယ်မြေက တည်ငြိမ်ငြိမ်းချမ်းမယ်ဆိုရင် ၊ သင့်တော်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ ကူညီပေးလို့ရတယ်ပေါ့။ ငြိမ်းချမ်းမှုမရှိရင် ကူညီပေးလို့ ဘယ်အဆင်ပြေပါ့မလဲ။ အဲဒီအခြေအနေအပေါ်မှာ မူတည်ပါတယ်။”ဟု သူက ပြန်လည်ဖြေရှင်းခဲ့သည်။
အာဏာသိမ်းသက်တမ်း (၆)လ အကြိမ်ကြိမ်တိုးပြီး ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီးမှသာ အနိုင်ရပါတီထံ အာဏာလွှဲပြောင်းပေးမည်ဟု ပြောဆိုထားသည့် စစ်ကောင်စီက လာမည့်ဒီဇင်ဘာ တတိယအပတ်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ လေးပတ်တာအတွင်း ရွေးကောက်ပွဲအပြီးသတ်ပြုလုပ်နိုင်ရေး ပြင်ဆင် လျက်ရှိသည်။
နိုင်ငံအနှံ့ရှိ မြို့နယ် ၃၃၀ အနက် ၂၀၀ ကျော်တွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေး အင်အားစုများနှင့်တိုက်ပွဲများ ပြင်းထန်နေသော်လည်း ကျင်းပလို့ရသည့် မြို့နယ်ပေါင်း ၂၆၇ မြို့နယ်၌ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဘက်က ထုတ်ပြန်ကြေငြာထားသည်။

စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ DKBA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝကလည်း “အခုက ရွေးကောက်ပွဲလုပ်မှာ အရမ်းရှုပ်ထွေးတဲ့အချိန်ဆိုတော့ ဖြစ်လာ မလားတောင် မသေချာလောက်ဖူး။ ပြောချင်တာ ရွေးကောက်ပွဲလုပ်ဖို့ ဘာမှတိတိကျကျမရှိသေးဘူး။ ဒါကြောင့် လွယ်လွယ်ကူကူနဲ့တော့ ဖြစ်လာမှာမဟုတ်ဘူးလို့ ကျနော်ထင်တယ်။ ”ဟု သူ့အမြင်ကို ပြောသည်။
ထို့အပြင် ၎င်းတို့ DKBA အနေဖြင့်လည်း ငြိမ်းချမ်းရေး အစစ်အမှန်ကိုသာ လိုလားကြောင်း ဒုဗိုလ်ချုပ်ကြီး စောရွှေဝက ဖြည့်စွက်ပြောဆိုသည်။
နေပြည်တော်တွင် ဇွန်လ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ပြုလုပ်သွားသည့် ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၅ တွင်လည်း ရွေးကောက်ပွဲကိစ္စ၊ လူသားချင်းစာနာမှုကိစ္စနှင့် စစ်မှုထမ်းကိစ္စများ ဆွေးနွေးခဲ့သည်ဟု သိရသည်။
DKBA ဘက်မှ စောစိန်ဝင်းအပါအဝင် စစ်ကောင်စီနှင့်ဆက်ဆံရေးရှိနေသည့် အပစ်ရပ် NCA အဖွဲ့ခေါင်း ဆောင်များတက်ရောက်ကြသည့် ငြိမ်းချမ်းရေးဖိုရမ်သို့ စစ်အာဏာရှင်အုပ်ချုပ်မှုစနစ် ဆန့်ကျင်သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကဲ့သို့ အဖွဲ့များ တက်ရောက်မှုမရှိသလို စစ်တပ်လုပ်သည့် ရွေးကောက်ပွဲလက်မခံရေး သဘောထားပြတ်သားသည်။
ကေအဲန်ယူသည် တောင်ပိုင်းတိုင်းမှာ နယ်မြေထိန်းချုပ်မှုအများအပြားရှိထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်သလို ကရင်ခွဲထွက်အဖွဲ့ဖြစ်သည့် DKBA နှင့်လည်း နီးကပ်သည့်ဆက်ဆံရေးရှိပြီး DKBA လှုပ်ရှားရာနယ်မြေမှာလည်း ကေအဲန်ယူ တပ်မဟာ(၇)နှင့်(၆)နယ်မြေ ဘုရားသုံးဆူနှင့် မြဝတီ ဒေသနေရာအချို့တို့ ပါဝင်နေသည်။



















