Home သတင်း ဖားအံမြို့အပါအဝင် မြစ်အနီးအနား ကျေးရွာများတွင် ရေကြီးရေလျှံမှုဖြစ်

ဖားအံမြို့အပါအဝင် မြစ်အနီးအနား ကျေးရွာများတွင် ရေကြီးရေလျှံမှုဖြစ်

540

ဇူလိုင် ၂၇ ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ

ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းပြီး သံလွင်မြစ်ရေတက်လာသည့်အတွက် ကရင်ပြည်နယ်၊ ဖားအံမြို့နှင့် မြစ်အနီးအနားကျေးရွာများတွင် ယမန်နေ့ ဇူလိုင်လ ၂၆ ရက်မှစတင်၍ ရေကြီး ရေလျှံမှုဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။

ဖားအံမြို့၏ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ်(၂) အမှတ်(၅) ရပ်ကွက်ရှိ နေအိမ်အချို့သည် ယမန်နေ့ ကတည်းက ရေစတင်ဝင်ရောက်သည့်အတွက် နေရာပြောင်းရွှေ့မှုများလုပ်ဆောင်နေရပြီး သံလွင်မြစ်နှင့်အနီးရှိ ကျေးရွာအချို့တွင်လည်း ရေကြီးရေလျှံမှုဖြစ်ပွားလျက်သည်ဟု သိရသည်။

ဖားအံမြို့ခံတစ်ဦးက “ အမှတ်(၂)၊ အမှတ်(၅) ရပ်ကွက် အမှတ်(၇)ရပ်ကွက်တွေက ဒီအချိန်နှစ်တိုင်း ပြောင်းရ တာပဲ။ ပြည်နယ်အစိုးရတွေကလည်း သူတို့အတွက်အစားအသောက် တာဝန်ယူပေးတာနှစ်တိုင်းပဲ။ ပြီးတော့ ရွာတွေမှာလည်း ဒီအချိန်ဆိုရေကျော်တယ်။ ရွာတွေကတော့ သူတို့က အိမ်အမြင့်ဆောက်ထားတော့ ပြောင်းရွှေ့ ရတာနည်းတယ်။ အခုက အစပဲ ဒီထက်ထပ်ကြီးမလားတော့မသိဘူး။ ”ဟု ကေအိုင်စီသို့ ပြောသည်။

ဖားအံကမ်းနားလမ်းနေရာအချို့တွင် သံလွင်မြစ်ရေလျှံတက်လာသော်လည်း လက်ရှိအချိန်တွင် ကား၊ ဆိုင်ကယ် သွားလာ၍ရသည့်အနေအထားတွင်ရှိနေသေးကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၂၇ရက်နေ့လည်အချိန်တွင် ဖားအံမြို့ရှိ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၈၉၄ စင်တီမီ တာရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ရှိလာမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။

၎င်းအပြင် ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်သည်လည်း ဇူလိုင်လ ၂၃ရက်နေ့မှစတင်၍ ရေကြီး ရေလျှံမှုဖြစ်ကာ မြဝတီမြို့မြေနိမ့်ပိုင်း နေထိုင်သူများ ပြောင်းရွှေ့ခဲ့ကြရသေးသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင်း ကရင်ပြည်နယ်တွင် ၃ ကြိမ်တိုင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့်အတွက် စပါးစိုက်ခင်း ဧကပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။