ဇူလိုင် ၂၇ ရက် ၊ ၂၀၂၅ ခုနှစ် ။ ကေအိုင်စီ
နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှုပြဿနာမှ စစ်ပွဲအထိ ဦးတည်လာသော ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံ စစ်ပွဲကို ရပ် တန့်ရန် ကုလလုံခြုံရေးကောင်စီအစည်းအဝေးအတွင်း ကမ္ဘောဒီးယား၏ တောင်းဆိုချက်ကို ထိုင်းဘက်မှ ပယ်ချ လိုက်သည်။
နယ်စပ်ပြဿနာကို ဖြေရှင်းပေးရန် ကုလလုံခြုံရေးကောင်စီထံ ကမ္ဘောဒီးယားအစိုးရမှ စာတင်ပြခဲ့ပြီး ယင်းနိုင်ငံကို ထိပါးသည့်အပြင် အပစ်ရပ်ရန် ချက်ချင်းတောင်းလိုက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံက ကုလကိုတင်သွင်းသော စာလွှာတွင် ကမ္ဘောဒီးယားမှ လက်နက်များဖြင့် စတင်ပစ်ခဲ့ခြင်းဖြစ်ပြီး ထိုင်း နိုင်ငံသားအများစုက သေဆုံးခဲ့ရသည်ဟု ဆိုသည်။ ထိုင်း၏ အချုပ်အခြာအာဏာကို ထိပါးခြင်းဖြစ်သောကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းသိနိုင်အောင်နှင့် အခြေအနေကို ကုလအနေဖြင့် ရှင်းရှင်းလင်းလင်း ဆောင်ရွက်ရန် တိုက်တွန်းသည့်အကြောင်းကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယပြောရေးဆိုခွင့်ရှိသူ မာရာတီနာလီတာ အန်ဒါမိုက ဘန်ကောက်ပို့စ်သတင်းဌာနကို ပြောဆိုခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့က ပြုလုပ်သည့် CNA သတင်းဌာနနှင့် အင်တာဗျူးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာနအမြင့်ဆုံး ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒတ်ချ် ဘလန်ကူရာက “ထိုင်းနိုင်ငံက နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ ဆောင်ရွက်နေတဲ့ အတောအတွင်း ကမ္ဘောဒီးယားကလည်း လက်နက်နဲ့ ဒေါသူပုန်ထ တိုက်ခိုက်မှုတွေဟာ မရပ်တန့်သေးတဲ့အတွက် ငြိမ်းချမ်းရေးကို ဆက်သွားဖို့ ၂ နိုင်ငံစလုံးက အဆင်သင့် မဖြစ် သေးပါဘူး။ ကမ္ဘောဒီးယားဘက်မှ လက်နက်နဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ရပ်တန့်မှသာ ဒါကို ငြိမ်းချမ်း ရေးအ တွက် ကနဦးအတိုင်းအတာအဖြစ်မှတ်ယူပြီး ဘယ်လိုစကားမျိုးမဆို ပြောနိုင်ပါတယ်” ဟု ပြောဆိုသည်။
ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲ တတိယမြောက်နေ့ဖြစ်သော ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ခင်းတွင် ကမ္ဘော ဒီးယားဘက်မှ ပစ်ခတ်သော အမြောက်များကြောင့် ထိုင်းအရှေ့မြောက်ခရိုင်ဒေသန္တရ ဆီဆာကတ်ရှိ ဆေးရုံ နောက်တစ်လုံးထိမှန်ခဲ့သည်။

တိုက်ပွဲအတွင်း ထိုင်းဘက်ခြမ်းမှ အမြောက်ကျည်ထိမှန်သော ဆေးရုံသည် ၂ လုံးအထိရှိပြီး နှစ်ဖက်ပေါင်း သေဆုံး သူသည် အရပ်သား၊ စစ်သားအပါအဝင် ၃၀ ဦး အထိ မြင့်တက်လာခဲ့သည်။
ကမ္ဘောဒီးယားအခြေစိုက် ဘူမိနိုင်ငံရေးသုံးသပ်သူ ချီအန်ဗန်နာရစ်က Aljazeera သတင်းဌာနပြောဆိုမှုအတွင်း ထိုင်းစစ်တပ်သည် လတ်တလောတိုက်ပွဲဖြစ်ပွားနေသော နေရာများမဟုတ်သည့် ထိုင်း-ကမ္ဘောဒီးယားကို လေကြောင်းဗုံးကျဲမှုနှင့် တိုက်ခိုက်မှုများပြုလုပ်နေကြောင်း ပြောသည်။
၎င်းအပြင် ကျေးရွာ၊ ကျောင်း၊ ဆေးရုံ များနှင့် ကမ္ဘော့အမွေအနှစ်စာရင်းဝင် ထိန်းသိမ်းနေရာများလည်း ထိခိုက်ပျက်စီးကြောင်းနှင့် ပဒေသာဗုံး (Cluster Bomb) အပါအဝင် လေယာဥ်ဗုံးများလည်း အသုံးပြုတိုက်ခိုက်ကာ ၂ နိုင်ငံတိုက်ပွဲသည် နယ်စပ်တလျှောက်ကို ကူးစက်လာနေပြီဖြစ်ကြောင်းဟု ချီအန်ဗန်နာရစ်က ဆိုသည်။
ထိုအချက်အလက်များကို အခြားသော သတင်းဌာနများတွင် ဖော်ပြထားခြင်းမရှိသေးသလို သီးခြားလည်း အတည် မပြုနိုင်သေးဘဲ ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ထိုင်းစစ်တပ်များကို ကျူးလွန်သူဟု သတင်း ထုတ်ပြန်ချက်များတွင် သုံးနှုန်းထားသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် ကမ္ဘောဒီးယားနှင့် ထိတွေ့မှုထပ်မံဖြစ်ပေါ်နေသော ပင်လယ်မြို့တော် တရတ်ခရိုင်ဒေသန္တရရှိ ပင်လယ်ရေကြောင်းနယ်နိမိတ်များတွင် “Trat Pikhat Pairee 1” အမည်ဖြင့် ထိုင်း တော်ဝင်ရေတပ်က ဝင်ရောက်တပ်စွဲထားပြီး နံနက် ၅ နာရီခန့်တွင် ကမ္ဘောဒီးယားတပ်များဝင်ရောက်မှုကို ဟန့်တားထားနိုင်သည်ဟု ဆိုသည်။
၃ ရက်တာတိုက်ပွဲအတွင်း နှစ်နိုင်ငံစလုံးမှ စစ်ဘေးရှောင်ဦးရေ သောင်းနှင့်ချီရှိလာနေပြီး အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သော မလေးရှားနိုင်ငံမှ စစ်ပွဲကို ရပ်တန့်ရန် တိုက်တွန်းထားသည်။
တဖက်တွင်လည်း ထိုင်းအစိုးရအတွင်း အရပ်ဖက်၊ စစ်ဘက်အားပြိုင်မှု (သို့မဟုတ်) သက်ဆင်နှင့် ဟွန်မ နတ်မိ သားစု နှစ်စုအကြား မကျေလည်မှုများကို အခြေခံနေသော နှစ်နိုင်ငံစစ်ပွဲဟူသော စွပ်စွဲချက်များကို မစ္စတာ သက်ဆင်ကပယ်ချလိုက်သည်ဟု ယမန်နေ့ အူဘွန်ရချာဌာနီခရီးစဥ်အတွင်း ပြောဆိုကြောင်း မီဒီယာများက ဖော်ပြသည်။
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဖြစ်ပွားနေသော ဘုရားကျောင်းကန် အငြင်းပွားမှုကို နိုင်ငံတကာ တရားရုံး (ICJ) က ၁၉၆၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် ဆုံးဖြတ်ပေးခဲ့ပြီး ကမ္ဘောဒီးယားနယ်၊ ဒန်ရက် (Dangrek) တောင်တန်းများပေါ်တွင် တည်ရှိသောကြောင့် ကမ္ဘောဒီးယားအပိုင်ဟု ဆုံးဖြတ်သည်။

သို့သော်လည်း ၁၉၀၇ ခုနှစ်က ပြင်သစ်ကိုလိုနီက ရေးဆွဲခဲ့သောမြေပုံကို အခြေခံထားသောကြောင့် မှန်ကန်မှု မရှိကြောင်း ထိုင်းဘက်က အစဥ်တစိုက်ငြင်းဆိုခဲ့ပြီး ထိုဆုံးဖြတ်ချက်အတိုင်း လိုက်ပါဆောင်ရွက်ခြင်း မရှိပေ။
၎င်းအပြင် ထိုင်းနှင့် ကမ္ဘောဒီးယား၏ နယ်နိမိတ်အငြင်းပွားမှုများတွင် ထိုင်းအစိုးရအနေဖြင့် အာဆီယံအပါအဝင် နိုင်ငံတကာ ဝင်ရောက်ချယ်လှယ်သည်ကို မလိုလားသည့် အပြင် နှစ်နိုင်ငံကိစ္စအဖြစ်မှတ်ယူပြီး နှစ်ဖက်အကြားရှိ သော သဘောတူညီချက် (Bilateral Agreement) ကိုသာ အခြေခံရမည်ဟု ထိုင်းနိုင်ငံခြား ရေးဝန်ကြီး ဌာနက CNA သတင်းဌာနနှင့်တွေ့ဆုံမှုတွင် အတည်ပြုထပ်လောင်းပြောကြားခဲ့သည်။
ကိုးကား – ဘန်ကောက်ပို့စ်၊ CNA၊ Thai PBS World ၊The Nation၊ Aljazeera



















