Home သတင်း ဘုရားသုံးဆူတွင် ဘိန်းစာရွက်ပြုတ်ရည် ရောင်းချသုံးစွဲသူများကို အရေးယူမည်

ဘုရားသုံးဆူတွင် ဘိန်းစာရွက်ပြုတ်ရည် ရောင်းချသုံးစွဲသူများကို အရေးယူမည်

1424
Photo- Social Media

ဇူလိုင် ၂၇ ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့တွင် ဘိန်းစာရွက်ပြုတ်ရည် ရောင်းချသုံးစွဲသူများကို ထိရောက်စွာ ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်တော့မည်ဖြစ်ကြောင်း မြို့လုံခြုံရေးအဖွဲ့ထံမှ သိရသည်။

လက်ရှိ ဘုရားသုံးဆူမြို့အတွင်း ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူများကြောင့် ဒုစရိုက်မှုများလာသည့်အတွက် ၎င်းရောင်းချ၊ သုံးစွဲသူများကို တိုက်ဖျက်သွားရန် ယခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ပြုလုပ်သည့် မြို့လုံခြုံရေးကော်မတီအစည်းအဝေး၌ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဘိန်းစာရွက်ပြုတ်ရည်ရောင်းချမှုကို ဇူလိုင်လ ၂၅ ရက်နေ့တွင် နောက်ဆုံးထား ဆက်လက်မရောင်းချရန် သတိပေးထားပြီးဖြစ်သလို ဆက်လက်ခိုးရောင်းချသူများရှိပါက သက်ဆိုင်ရာတာဝန်ရှိသူက အရေးယူ ဆောင်ရွက် မှုများလုပ်ဆောင်သွားမည်ဟု မြို့ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

၎င်းက “သုံးဆူမှာ လူငယ်၊ လူလတ်တွေ ပြီးတော့ ရဲဘော်တွေလည်း (ဘိန်းစာရွက်ပြုတ်ရည်) အရမ်းသောက် လာတယ်။ သုံးစွဲမှုကများလာတော့ အိမ်ပြန်ပိုက်ဆံတောင်းပြီးအိမ်တွင်းအကြမ်းဖက်မှုတွေ၊ လုယက်မှုတွေ ဖြစ်လာတာများလာတယ်။ ဒါကို ပိတ်ပင်ဖို့အတွက် အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်လိုက်တာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

photo- Social Media

ရပ်ကွက်ပေါင်း ၄ ရပ်ကွက်သာရှိသည့် ဘုရားသုံးဆူမြို့တွင် ဘိန်းစာရွက်ပြုတ်ရည် ရောင်းချသည့် ဆိုင်ပေါင်း ၁၀၀ ကျော်ရှိပြီး တစ်ဗူးကို ဘတ်ငွေ ၅၀ ဖြင့် ရောင်းချကြသည်။ ရောင်းချသူအများစုသည် ဒေသအတွင်းရှိ လက်နက် ကိုင်အဖွဲ့အစည်းများ၏ နောက်ခံကိုယူထားကြသည်ဟုလည်း ဒေသခံများက ပြောသည်။

ယခင်က အရေးယူဆောင်ရွက်ခြင်းမရှိသည့်အတွက် လွတ်လပ်စွာရောင်းချသုံးစွဲသူများလာပြီး အဆိုပါ ဘိန်းစာရွက်ပြုတ်ရည်သုံးစွဲမှု နောက်ဆက်တွဲဆိုးကျိုးကြောင့် တိုင်ကြားလာသည့် ဒုစရိုက် အမှုပိုများလာသည်ဟုလည်း မြို့လုံခြုံရေး ကော်မတီဝင်ထံမှ သိရသည်။

ဘုရားသုံးဆူမြို့အပြင် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ထိန်းချုပ်သည့် မြဝတီမြို့နယ်၊ ရွှေကု က္ကိုမြို့ဘက်တွင်လည်း ဘိန်းစာရွက်ပြုတ်ရည် ရောင်းချသူများကို တွေ့ရှိပါက တစ်လီတာ ၁ ဗူးကို ဒဏ်ငွေ ဘတ်နှစ်သောင်းနှင့် အချုပ် ၂၈ ရက် ချမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

လူငယ်လူရွယ်အကြားတွင် သုံးစွဲသူများလာသည့် အဆိုပါ ဘိန်းစာရွက်ပြုတ်ရည်သည် မူးယစ်ထုံထိုင်းဖြစ်စေ တတ်သည့်အတွက် ကော်သူးလေ ရာဇဝတ် ဥပဒေပုဒ်မ ၁၈၀၊ ၁၈၁၊ ၁၈၂၊ ၁၈၃၊ ၁၈၄ တို့နှင့် အရေးယူသွားမည်ဟု ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ကေအဲန်ယူ ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။