Home သတင်း ထိုင်းနိုင်ငံရေး လှုပ်ရှားမှုများတွင် မြန်မာများ မပါဝင်ကြရန် NUG သတိပေး

ထိုင်းနိုင်ငံရေး လှုပ်ရှားမှုများတွင် မြန်မာများ မပါဝင်ကြရန် NUG သတိပေး

868
Photo: Bangkok Post

ဇူလိုင် ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအရပ်ရပ်တို့နှင့်ပတ်သက်၍ ထိုင်းနိုင်ငံအတွင်း နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများနှင့် လူစုလူဝေးများ ပြုလုပ် သည့် ဆန္ဒပြခြင်းများ၌ ပါဝင်ပတ်ခြင်းမပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ သတိပေးထုတ်ပြန်သည်။

ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများသည် တိုင်းပြည်အခြေ အနေအရပ်ရပ်ကြောင့် မလွဲသာမရှောင်သာ အိမ်နီးချင်းနိုင်ငံများတွင် ယာယီခိုလှုံနေထိုင်ကြစဉ် နိုင်ငံ၏ ဥပဒေ၊ ဒေသန္တရယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ လူမှုအသိုင်းအဝိုင်းတို့နှင့် သဟဇာတဖြစ်စွာ နေထိုင်ကြရန် တိုက်တွန်းထားသလို ထိုင်းဘုရင်၊ အစိုးရ၊ လွှတ်တော်၊ ထိုင်းတပ်မတော်၊ ထိုင်းပြည်သူလူထုတို့အား အထူးကျေးဇူးတင်လျက်ရှိပါကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံသားများသည် စစ်ကောင်စီ၏ ပြည်သူလူထုအပေါ်ဖိနှိပ်ရက်စက်မှုများကြောင့် ထွက်ပြေးခိုလှုံလာရခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေသူများ မဟုတ်ကြဘဲ စစ်တပ် အာဏာသိမ်းအကြမ်းဖက်မှုကို ဖယ်ရှားအောင်မြင်ပြီးပါက မြန်မာနိုင်ငံသို့ ပြန်လည်နေထိုင်ကြမည့်သူများသာ ဖြစ်သည်ဟု NUG က ဆိုသည်။

ထို့ကြောင့် လက်ရှိယာယီခိုလှုံနေရသည့် ကာလအတွင်း ထိုင်းလူမှုအသိုင်းအဝိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ကို လေးစားလိုက်နာပြီး သဟဇာတဖြစ်စွာနေထိုင်နိုင်ရေးအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား လူသားချင်း စာနာထောက်ထားလျက် ဆက်လက်၍ ကူညီစောင့် ရှောက်ပေးပါရန် NUG အစိုးရအနေဖြင့် မေတ္တာရပ်ခံထားသည်။

ပြီးခဲ့သည့် ရက်ပိုင်းတွင်လည်း မြန်မာရွှေ့ပြောင်းလုပ်သားများအား ထိုင်းနိုင်ငံရေး အပြောင်း အလဲကြားထဲတွင် သတိဖြင့် နေထိုင်ပြုမူကြရန် အလုပ်သမားရေး ဆောင်ရွက်သူများက သတိပေး ပြောဆိုမှုများ ရှိခဲ့သလို ဘန်ကောက်မြို့ရှိ ထိုင်းလူမျိုးတို့ ဆန္ဒပြနေသည့် နေရာအနီးသို့ ကားဖြင့် ရောက်ရှိသွားသည့် မြန်မာအလုပ်သမား ၇ ဦး အဖမ်းခံရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။