ဇူလိုင် ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ချင်းပြည်နယ်အတွင်း တိုက်ပွဲများအပြင် စစ်ရေးတင်းမာမှုပါဖြစ်ပွားနေသည့် ချင်းတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် အချင်းချင်းကြား မတူကွဲပြားသည့် သဘောထားနှင့် ပဋိပက္ခများကို ငြိမ်းချမ်းသည့် နည်းလမ်းဖြင့်သာ အဖြေရှာကြရန် NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်း ပြောဆိုလိုက်သည်။
ချင်းပြည်နယ်ရှိ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF)၊ ချင်းအမျိုးသားတပ်ဦး (CNF/CNA) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့-ဟွားငိုးလ်ရမ်း (CDF-Hualngoram) လက်နက်ကိုင် တော်လှန်ရေးအင်အားစု အဖွဲ့ (၃) ဖွဲ့ကို ယာယီသမ္မတက ယနေ့ ဇူလိုင် ၉ ရက်တွင် တိုက်တွန်းချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် ဒေသတွင်း ချင်းလက်နက်ကိုင် (၂) ဖွဲ့ဖြစ်သည့် Chinland Council အဖွဲ့ဝင် CDF –Hualngoram နှင့် ချင်းညီနောင်အဖွဲ့ဝင် CNO / CNDF တပ်ဖွဲ့တွေအကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုပြဿနာကို စစ်ရေးဖြင့် အပြန်အလှန်ပစ်ခတ်၍ ဇူလိုင်လ ၂ ရက်နေ့က စပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင် ၅ ရက်နေ့တွင် CDF –Hualngoram ထိန်းချုပ်ထားသည့် ရိဒ်ခေါဒါရ်မြို့ကို CNO/ CNDF က သိမ်းပိုက်ခဲ့သလို CNO / CNDF ဌာနချုပ်ကိုလည်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) က ဇူလိုင်လ ၆ ရက်နေ့၌ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၎င်းတို့ကြား စစ်ရေးတင်းမာလျက်ရှိနေခြင်း ဖြစ်သည်။
ထိုကဲ့သို့ စစ်ရေးတင်းမာမှုများ ဆက်တိုက်ဖြစ်ပွားနေသည်ကို ဝမ်းနည်းရကြောင်းလည်း NUG ယာယီ သမ္မတ ဒူဝါလရှီးလက ဆိုသည်။
ယခုလို တော်လှန်ရေးအင်အားစုများကြား၌ ပဋိပက္ခများ၊ မတူကွဲပြားသည့် သဘောထားအမြင်များ ပေါ်ပေါက်လာပါက လက်နက်ဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာသည့် နိုင်ငံရေး ယဉ်ကျေးမှုကို ကိုင်စွဲထားမှသာလျှင် တော်လှန်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
ထို့ကြောင့် ချင်းလက်နက်ကိုင်အဖွဲ့အစည်းများအကြား မတူကွဲပြားမှုများကို စစ်ရေးနည်းလမ်းဖြင့် အဖြေရှာရန် လုပ်ဆောင်ခြင်းများအား ချက်ချင်းရပ်တန့်၍ ချင်းလူထုတစ်ရပ်လုံး လိုလားသည့် ငြိမ်းချမ်း သော နည်းလမ်းဖြင့်သာ စားပွဲဝိုင်းတွင် ညှိနှိုင်းဖြေရှင်းကြရန် အထူးတိုက်တွန်းလိုက်ကြောင်း ဆိုသည်။
အလားတူ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ -NUCC လည်း ချင်းပြည်နယ်အတွင်း ချင်း လက်နက်ကိုင်များ အချင်းချင်း ပစ်ခတ် ပဋိပက္ခဖြစ်ပွားမှုများကို အမြန်ဆုံးရပ်တန့်ပေးရန် ယမန်နေ့ (ဇူလိုင် ၈ ရက်) နေ့ ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။
၎င်းအပြင် NUCC အနေဖြင့် ချင်းတော်လှန်ရေးအဖွဲ့များကြား ပဋိပက္ခဖြေရှင်းရေး ညှိနှိုင်းမှုများ တွင်လည်း ပါဝင်ကူညီဆောင်ရွက်သွားရန် အသင့်ရှိသည်ဟု ထုတ်ပြန်အသိပေးခဲ့သည်။
တော်လှန်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ အချင်းချင်းအကြား လက်နက်ကိုင်စွဲ ဖြေရှင်းမှုများကို အမြန်ဆုံးရပ်တန့်ပေးရန်နှင့် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြပါရန် NUCC ထုတ်ပြန်ချက်တွင် ထည့်သွင်း တောင်းဆိုထားသည်။



















