သမ္မတထရန့်ထံ ဆက်ကပ်တဲ့ စစ်အုပ်စုရဲ့ အသနားခံစာထဲမှာ ပါတဲ့အချက်တွေက ဘာတွေလဲ
မောင်ကျော်စွာ
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ရက်)
“မလုပ်ရဲတာ ဘာမှ မရှိဘူး” ဆိုတဲ့ လော့ဂျစ်ကို ကိုင်စွဲထားတဲ့ မင်းအောင်လှိုင်တို့ (စကစ) စစ်အုပ် စုရဲ့ စရိုက်သဘာဝ အမေရိကန်သမ္မတ မစ္စတာ ဒေါ်နယ်ထရန့်ထံ ပြန်ကြားတဲ့စာထဲမှာလည်း အထင်အရှား မြင်တွေ့နိုင်ပါတယ်။ ဒီဆောင်းပါးကနေ တစ်ဆင့် “မလုပ်ရဲတာ ဘာမှ မရှိဘူး” ဆိုတဲ့ စစ်အုပ်စုရဲ့ လူမဆန် တဲ့ လော့ဂျစ်ကို ဆန်းစစ်ပြပါ့မယ်။
ပထမဆုံးအချက်က “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့ လော့ဂျစ်ရဲ့ အဓိကနဲ့အနှစ်သာရက စစ် အုပ်စုအဆက်ဆက် (တော်လှန်ရေးကောင်စီ – မဆလ – နဝတ – နအဖ – ကြံ့ဖွံ့အစိုးရ – စကစ) စသဖြင့် ဘယ်လိုအရေပဲခြုံထားပါစေ “စစ်အုပ်စုသားစဉ်မြေးဆက် အာဏာတည်တံ့ခိုင်မြဲရေး” အတွက် ဘာပဲလုပ် ရရ လုပ်ရဲတယ်။ မလုပ်ရဲတာ မရှိဘူးဆိုတဲ့ အချက်နဲ့ ခွဲခွာမရအောင် ဆက်စပ်တည်ရှိနေတဲ့အချက်ပဲ ဖြစ်ပါ တယ်။
ဒုတိယအချက်က တရားတာ/မတရားတာ၊ ကြောင်းကျိုးရှေ့နောက်ကိုက်ညီတာ/ မကိုက်ညီတာ၊ တရားဥပဒေနဲ့ညီညွတ်တာ/ မညီညွတ်တာ၊ လူ့ကျင့်ဝတ်နဲ့လျော်ညီတာ/မလျော်ညီတာ စတဲ့ဉာဏ်ပညာ ဆင်ခြင်တုံတရားနဲ့ ချင့်ချင့်ချိန်ချိန် ဆောင်ရွက်ကြရတာမှန်သမျှကို မိုက်မိုက်ကန်းကန်း ဘေးချိတ်ပြီး လူမ ဆန်တာမှန်သမျှကိုလည်း ထမင်းစား/ရေသောက်ကိစ္စသဖွယ် သွေးအေးလက်ယဉ်စွာနဲ့ လုပ်လေ့ရှိတယ် လုပ်တတ်တယ် ဆိုတဲ့အချက်နဲ့ ခွဲခွာလို့မရအောင် ဆက်စပ်တည်ရှိနေတဲ့ အချက်ဖြစ်ပါတယ်။
ဒီတော့ တတိယအချက်က စစ်အုပ်စုအဆက်ဆက်ဟာ “စစ်အုပ်စုသားစဉ်မြေးဆက် အာဏာတည် တံ့ခိုင်မြဲရေး”အတွက် “မလုပ်ရဲတာ ဘာမှမရှိဘူး – လူမဆန်တာမှန်သမျှ ဘာမဆိုလုပ်ဝံ့တယ်” ဆိုတဲ့အချက် ကို သူတို့အာဏာကို အေးအေးလူလူ စိုးမိုးထားနိုင်တဲ့ကာလမှာရော အသဲအသန် ထိန်းသိမ်းကာကွယ်နေရ တဲ့ အချိန်ကာလတွေမှာပါ မတူတဲ့အတိုင်းအတာ မတူတဲ့ ဖော်ပြချက်နဲ့ လုပ်လေ့ရှိတယ်၊ လုပ်တတ်တယ်ဆို တာကို အပေါ်ယံ ပရိယာယ်မျက်နှာဖုံအမျိုးမျိုး – စကားသံ – စကားလုံး အမျိုးမျိုးနဲ့ ပြည်တွင်းပြည်ပမှာ အိုက် တင်အမျိုးမျိုးနဲ့ ပြုမူတတ်တာကို အထင်အရှားတွေ့ကြရမှာဖြစ်ပါတယ်။
မစ္စတာဒေါ်နယ်ထရန့််ထံသို့ ပေးပို့တဲ့ (စကစ)စစ်အုပ်စုထိပ်သီး မင်းအောင်လှိုင်ရဲ့ ပြန်ကြားစာထဲ မှာဆိုရင် အချိုသပ်ပြီး ခယဝပ်တွားထားတဲ့ ပါးလျက်နားလျက်အသံနဲ့ အသုံးအနှုန်းတွေကို တင်းကြမ်းတွေ့ ရမှာ ဖြစ်ပါတယ်။
– “အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါကြောင်း”
– “အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးတိုးမြှင့်နိုင်ရန်အတွက်လည်း မိမိတို့အစဉ်အမြဲမျှော်လင့် ကြိုး ပမ်းလျက်ရှိပါတယ်”
– “အဆွေတော်သမ္မတကြီးအနေဖြင့် အမေရိကန်ပြည်ထောင်စုကြီး တိုးတက်ကြီးပွားသာယာဝပြောရေးအ တွက် မျိုးချစ်စိတ်အပြည့်အဝဖြင့် တာဝန်သယ်ပိုးထမ်းဆောင်ရွက်ရှိသကဲ့သို့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းနေသည့်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း”
– “ယခင်က ချမှတ်ခဲ့သည့် စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့ရုပ်သိမ်းပေးရန်လည်း အထူးမေတ္တာရပ်ခံအပ် ပါကြောင်း”
– “မည်သည့်နိုင်ငံနှင့်မျှ ပဋိပက္ခအငြင်းပွားမှုမရှိခဲ့ဘဲ ၎င်းအစဉ်အလာကောင်းကိုလည်း ဆက်လက် ထိန်းသိမ်း သွားမည်ဖြစ်ပါကြောင်း အလားတူစွာပင် မြန်မာနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စု အပါအဝင် အခြားမည်သည့်ကမ္ဘာ့နိုင်ငံများကိုမျှ အနှောင့်အယှက်ပေးမှုမရှိခဲ့သည်ကိုလည်း ပြောကြားလိုပါကြောင်း”
– “လိုအပ်ပါက မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ အမြန်စေလွှတ်၍ သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့်တွေ့ဆုံညှိနှိုင်း ဆောင်ရွက်လိုပါကြောင်း”
အထက်မှာ မူရင်းအတိုင်း ကောက်နုတ်ဖော်ထားတဲ့ အချက်အလက်တွေထဲမှာပါရှိတဲ့ လေသံနဲ့ အသုံးအနှုန်းတွေဟာ “မလုပ်ရဲတာ ဘာမှမရှိဘူး”ဆိုတဲ့ စစ်အုပ်စုရဲ့ အမေရိကန်သမ္မတကို မျက်နှာချိုသွေးပြ တဲ့ နမူနာတချို့သာလျှင် ဖြစ်ပါတယ်။
ဒီလိုလေသံနဲ့ စကားလုံးတွေဟာ ရုရှသမ္မတ မစ္စတာပူတင်နဲ့တွေ့ရတဲ့အခါ၊ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖိန်နဲ့တွေ့ရတဲ့အခါ ပြောတဲ့လေသံနဲ့ စကားလုံးမျိုးတွေပါပဲ။ အနှစ်သာရအရ ဘာမှ မခြားနားပါဘူး။
ဒီတော့ မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စု အပါအဝင် စစ်အုပ်စုအဆက်ဆက်က ပြောလာရေး လာနေတဲ့ “နယ်ချဲ့ဆန့်ကျင်ရေးတို့ – ကိုလိုနီလက်သစ်ဆန့်ကျင်ရေး” တို့ဆိုတဲ့ စကားလုံးတွေဟာ လေလုံး ထွားမှုသက်သက်မျှသာဖြစ်တယ်၊ ယာယီအခိုက်အတံ့မျှသာဖြစ်တယ်၊ အနှစ်မပါ ဗလာသက်သက်မျှသာဖြစ် တယ်ဆိုတာ ထင်ရှားပါတယ်။ စစ်အုပ်စုအဆက်ဆက်မှာ “စစ်အုပ်စုသားစဉ်မြေးဆက် အာဏာတည်တံ့ ခိုင်မြဲရေး” မှအပ အခြား ဘာဆို ဘာမှမရှိဘူးဆိုတာ အတိုင်းသားပေါ်လွင်နေပါတယ်။
တချို့က စစ်အုပ်စုကို “တရုတ်တပည့် – ရုရှတပည့်” ဆိုပြီး တစ်ကြောင်းစွဲ အစွဲနဲ့ ထင်မှတ် မှာ းနေ ကြပါတယ်။ စစ်အုပ်စုက သူ့အာဏာတည်တံ့ခိုင်မြဲဖို့ဆိုရင် “တရုတ် – ရုရှ – အမေရိကန်” ဘယ်သူ့ကိုမဆို ဆရာတင်ဖို့ ဝန်မလေးသလို တပည့်ခံဖို့လည်း အမြဲအဆင်သင့်ရှိနေတာပါ။ သူ့အုပ်စိုးမှုကို တရုတ် – ရုရှ – အမေရိကန်လို နိုင်ငံကြီးတစ်ခုခုက ဖိအားပေး – တွန်းအားပေး – ပိတ်ဆို့ထား အရေးယူထားတဲ့ အခိုက်အတံ့ ကာလကလေးအတွင်းမှာသာ စစ်အုပ်စုက ချုပ်ကိုင်ထားတဲ့ သတင်းစာ/ ရေဒီယို/တီဗွီကနေ “နယ်ချဲ့ဆန့် ကျင်ရေး – ကိုလိုနီလက်သစ် ဆန့်ကျင်ရေး” ဆိုတာတွေကို ဂမူးရှူးထိုး အော်လားဟစ်လား ဆဲလားဆိုလား လုပ်တတ်တာပါ။
နိုင်ငံကြီးတစ်ခုခုက ဖိအားပေး – တွန်းအားပေး – ပိတ်ဆို့ထားအရေးယူထားတာတွေဖြေလျှော့ ရပ်စဲ သွားပြီဆိုတာနဲ့ တပြိုင်နက်ထဲမှာ စစ်အုပ်စုက ချုပ်ကိုင်ထားတဲ့ သတင်းစာ၊ ရေဒီယို၊ ရုပ်သံတွေက ဆဲသံဆို သံတွေဟာ တိုးတိတ်သွားတာပါပဲ။ ဒါဟာ စစ်အုပ်စုအဆက်ဆက်ရဲ့ အာဏာတည်မြဲရေးအတွက် ခါတော်မီ နယ်ချဲ့ဆန့်ကျင်ရေး – မျိုးချစ်စိတ်ဓာတ် ထက်သန်ပျံ့ပွားရေး လုပ်ရပ်တွေပါပဲ။
လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်တဲ့ အီရန်နိုင်ငံကို ကျူးကျော်ဗိုလ်ကျပြီး ဗုံးကြဲတိုက်ခိုက်တာ အခွန်ကောက်တိုးမြှင့်မှုကို လက်နက်သဖွယ်အသုံးချပြီး နိုင်ငံပေါင်းစုံအပေါ် စီးပွားရေးကုန်သွယ်ရေးအရ ဗိုလ်ကျနေတာတွေကိုတော့ (စကစ)စစ်အုပ်စုဟာ လေသံတောင် မဟဝံ့ဘူး မဟုတ်ပါလား။
“မျိုးချစ်စိတ်အပြည့်အဝဖြင့် တာဝန်သယ်ပိုးထမ်းဆောင်ရွက်ရှိသကဲ့သို့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဦး ဆောင်ကြိုးပမ်းနေသည့်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူကြောင်း”တဲ့။ ဘယ်လောက်ဗြောင်ကျတဲ့ မြှောက်ပင့် ဖားရားမှုဖြစ်ပါသလဲ။ ဒီနေရာမှာ စစ်အုပ်စုအဆက်ဆက်က ဂါထာရွတ်သလို ရွတ်ဖတ်လေ့ရှိတဲ့ “ဒို့တာဝန်အရေး သုံးပါး” ဟာ ခေါင်းမပြူဝံ့ပါလား။
တပည့်ကျော် အစ္စရေးနေတန်ယာဟုက ဂါဇာဒေသအပေါ် ထင်တိုင်းကြဲနေတဲ့ လူမဆန်မှုတွေကို ဟန့်ဖို့ တားဖို့ဝေးစွ – လက်ပိုက်ကြည့်နေရုံတင်မကဘဲ နည်းမျိုးစုံနဲ့ အားပေးအားမြှောက်ပြုနေသူကို “ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းနေတာမို့ ဂုဏ်ယူသတဲ့လား။
“No Kings” ဆိုတဲ့ ကြွေးကြော်သံကိုင်ပြီး ထရန့်ကို ဆန့်ကျင်ဆန္ဒပြနေတဲ့ အမေရိကန်ပြည်သူတွေနဲ့ တော့ (စကစ)စစ်အုပ်စု သဘောထားရပ်တည်ချက်ဟာ “ရန်/ငါစည်း” တစ်ဖက်စီ တစ်ကမ္ဘာစီ ခြားနေပါ ပေါ့လား။
ဒီလိုသဘောထားနဲ့အပြုအမူတွေဟာ “ဘယ်သူသေသေ ငတေမာဖို့” ဆိုတဲ့ အတ္တမျက်ကန်း – အာဏာတစ်ဘို့ထဲသမားတွေရဲ့ ဆိုးဖော်မိုက်ဖက်ပြယုဂ်ပဲဖြစ်ပါတယ်။ “ဘယ်သူသေသေ ငနေမာ” ခဲ့တယ်။ ဗိုလ်နေဝင်းက မိုးပေါ်ထောင်ဖောက်တာမပါဘူး။ ပစ်ရင်တည့်တည့်ပစ်တယ်ဆိုပြီး ပြည်သူကို သတ်ဖြတ်ခဲ့ တယ်။
“ဘယ်သူသေသေ ငရွှေမာခဲ့တယ်”။အခုထိမာဆဲလို့ ဆိုရမယ်ထင်ပါတယ်။ နာဂစ်မုန်တိုင်းဘေး သင့်တဲ့ ပြည်သူတွေကို မိုက်မိုက်ကန်းကန်း လျစ်လျှူရှုပြီး ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုခဲ့တယ်။
အခုလည်း “ဘယ်သူသေသေ ငလှိုင်သာဖို့” တိုင်းပြည်နဲ့အဝန်းမှာ ဘာမဆိုလုပ်နေတာတွေကို (၂၀၂၁ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ရက်နေ့ကနေစလို့ မျက်မှောက်ကာလမထိ) အားလုံးကိုယ်တွေ့မျက်မြင်ပဲ မဟုတ်ပါလား။ လေယာဉ်နဲ့ တိုက်ခိုက်ဗုံးကြဲနေတယ်ဆိုတာ ဓမ္မစကြာနေ့လည်း မရှောင်ပါဘူး။ ခရစ္စမတ် နေ့လည်း ပမာမထားပါဘူး။
ဒီအချက်တွေက ၁၉၆၂ ခုနှစ်က ဒီနေ့မျက်မှောက်ကာလ (စကစ)စစ်အုပ်စု လက်ထက်အထိ “စစ် အုပ်စု သားစဉ်မြေးဆက် အာဏာတည်တံ့ခိုင်မြဲရေး” အတွက်ဆိုရင် “မလုပ်ရဲတာ ဘာမှမရှိဘူး” ဆိုတဲ့ စစ် အုပ်စုရဲ့ လူမဆန်တဲ့လော့ဂျစ်ကို အမြည်းသဘော ဆန်းစစ်ပြတာပါ။
နိဂုံးမှာ သတိကြီးကြီးထားကြရမယ့်အချက် ၂ ချက်ကို တင်ပြချင်ပါတယ်။
ပထမအချက်က နိုင်ငံတကာဆက်ဆံရေး – ပြည်ပဆက်ဆံရေးဆိုတဲ့ စည်းဝိုင်းဟာ လက်ရှိအာဏာ ရှိသူတွေနဲ့သာ အဓိကဆက်ဆံကြတယ်ဆိုတဲ့ ပကတိဖြစ်ရပ်ကို မိမိစိတ်ဆန္ဒသဘောထားနဲ့ အစားမထိုးမိကြ စေဖို့ စစ်အုပ်စုကို (တရုတ်တပည့် – ရုရှတပည့်)အဖြစ် တွန်းပို့မိပြီး (အမေရိကန် သို့မဟုတ် အခြားနိုင်ငံတစ် ခုခုကို) ဆရာ တင် မမှားဖို့ မျှော်လင့်ချက်တွေ ပုံမအောမိဖို့ပဲ ဖြစ်ပါတယ်။
ဒုတိယအချက်ကတော့ တော်လှန်သူတွေဟာ စစ်အုပ်စုရဲ့ ဖိနှိပ်အကြမ်းဖက်မှုတွေကို ခံနိုင်ရည်ရှိကြ ပါတယ်။ သို့သော်လည်း စစ်အုပ်စုရဲ့ “ထောင်မြင် ရာစွန့် / သိန်းမြင် သောင်းစွန့်” ပရိယာယ်သကြားလုံးတွေ နဲ့ တွေ့တဲ့အခါမှာတော့ “အချိုရှာ သကာတွေ့” ဆိုတာလို ပင်ကိုယ်အခံကလည်းရှိလေတော့ ညွှတ်ကွင်းထဲ ကျမှန်းမသိ ကျရောက်သွားတတ်ကြတဲ့ လူ့သဘာဝကို သတိကြီးကြီးထားကြပါလို့ အလေးအနက် တိုက် တွန်းပါတယ်။



















