ဇူလိုင် ၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ကော့ကရိတ်မြို့နယ် (မြဝတီမြို့ တောင်ဘက်)၊ ဝေါလေမြိုင်မြို့သစ် အနီးရှိ ဝေါလေဗျူဟာ၊ ထီးသဲလယ်နှင့် ဥကရိထ စခန်းကုန်း အနီးတဝိုက်တွင် နေထိုင်သူများ နေရပ်စွန့်ခွာ စတင်စစ်ဘေးရှောင်နေကြပြီးဟု ဝေါလေဒေသခံက ကေအိုင်စီသို့ ပြောသည်။
ဝေါလေမြိုင်မြို့သစ် အနီးရှိ ဝေါလေဗျူဟာ စစ်ကောင်စီ စခန်းကုန်း အနီးတဝိုက် နေထိုင်သူများက ဇွန်လ ကုန်ပိုင်း ကတည်းက ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် ဒေသတွင်းရှိ တော်လှန်ရေးတပ်များက အသိပေး ထားပြီး ယခု စတင်တိုက်ခိုက်ချိန်တွင် ဒေသခံအများစု စတင်စစ်ဘေးရှောင်နေခြင်း ဖြစ်သည်ဟု ဝေါလေမြိုင် မြို့သစ် ရပ်ကွက် (၁) တွင်နေထိုင်သူတစ်ဦးက ယခုလို ပြောသည်။
“ရှောင်ခိုင်းနေတာ တစ်ပတ်လောက်ရှိပီ၊ ဒီမနက် ဥကရိထဘက်ဒရုန်းကျတယ်။ တစ်ရက်နေ့က ဝါးမီးထ၊ ရွှေအေးမြိုင်ဘက်ကို ဂျက်၂ စီး ညကြီး ဗုံးကြဲတယ်။ ရွာသားနဲ့ ရပ်ကွက်ထဲနေသူတွေ လော်ခေါ် ဘက်၊ ထိုင်းဝေါလေရွာကြီးဘက် ရှောင်နေကြပီ။ ဈေးဆိုင်တချို့ နဲ့ လူတချို့တော့ အိမ်စောင့်၊ ခြံစောင့် ဆက်ရှိ နေတယ်”ဟု ၎င်းက ပြောသည်။
ယနေ့ ဇူလိုင် ၃ ရက်နေ့ နံနက်ပိုင်းတွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ -KNDO နှင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီ ဝေါလေဗျူဟာကို စတင်တိုက်ခိုက်နေပြီး နှစ်ဖက် လက်နက်ကြီးများ ပစ်ခတ်နေသည်ဟု ကေအိုင်စီ၏ မြေပြင် စစ်ရေး သတင်းရင်းက ပြောသည်။
“စကစက စစ်ပြင်ထားတော့ စခန်းကုန်းကနေ ရွာထဲကို မထွက်လာရဲ တော့ဘူး။ ဥကရိထ၊ ဝါးမီးထ၊ ဂျပန် အိမ်ယာ၊ ရွှေအေးမြိုင်၊ ဝေါလေရပ်ကွက်အပိုင်း ၄ ခု စလုံး ကမ်းနားပိုင်းတွေ အကုန်ပြောင်းနေ ကြပြီ၊ ထိုင်း နယ်ခြားစစ်တပ်ကတော့ ကြည့်နေတယ်၊ စစ်ရှောင်သူတွေကိုတော့ စစ်ဆေးတာမျိုး၊ နေရာပေးတာမျိုး မရှိ သေးဘူး” ဟု ၎င်းက ပြောသည်။
ကေအဲန်ယူ၊ တပ်မဟာ-၆ နယ်မြေအတွင်း ထိုင်း-မြန်မာ နယ်စပ် စစ်ကောင်စီ စခန်းများကို တော်လှန်ရေး မဟာ မိတ်တပ်များ စစ်ဆင်တိုက်ခိုက်သိမ်းပိုက်နေပြီး ဒေသခံများစစ်ဘေး ရှောင်ရမှုများလည်း ရှိနေသည်။
ထို့အပြင် တပ်မဟာ-၆ နယ်မြေအတွင်း အာရှလမ်းသစ် မြဝတီ-ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းတွင် စစ်ကောင်စီ တပ်များကို KNLA၊ ပူးပေါင်းတပ်က စစ်ရေးအသာစီးဖြင့် ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်နေသည်ဟု သိရသည်။