ဇူလိုင် ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီက ဇူလိုင်(၄)ရက်နေ့မှ (၁၄)ရက်နေ့အတွင်း လေကြောင်း တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ (၁၃)ဦးသေဆုံး၊ (၃၁)ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လူနေအိမ်အပါအဝင် ဆေးရုံ၊ စာသင်ကျောင်းနှင့် ပြည်သူပိုင်အဆောက်အဦး (၅၆)လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့-SHRF က ယမန်နေ့တွင် ထုတ်ပြန်သည်။
လက်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ထားသည့် သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့်မိုးကုတ်မြို့နယ်တို့တွင် အရပ်သားပြည်သူနေထိုင်ရာ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများသို့ စစ်တပ်က ပေါင် ၅၀၀ ဗုံး ၁၀ လုံး၊ ပေါင်၂၅၀ ဗုံး ၂လုံးနှင့် ဂျက်ဖိုက်တာများအသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် မြို့နယ်လေးမြို့နယ်ရှိ အမျိုးသမီး ၄ ဦး၊ ကလေးငယ် ၃ ဦးအပါအဝင် ၁၃ ဦးသေဆုံးပြီး အရပ်သား ၃၁ ဦး ဒဏ်ရာရရှိသွားသည်။ ထို့အပြင် စာသင်ကျောင်း ၂ ကျောင်း၊ ဆေးရုံ ၁ ရုံ၊ ဟိုတယ် ၁ လုံး၊ ဆိုင် ၅ဆိုင်၊ အပန်းဖြေစခန်း ၁ ခုနှင့် လူနေအိမ် ၅၆ လုံးကျော် ထိခိုက်ပျက်စီးခဲ့ရသည်ဟု SHRF က အသေးစိတ်ဖော်ပြထားသည်။
လေကြောင်းတိုက်ခိုက်ခံရသည့် မြို့များမှာ စစ်တပ်ကဖိအားအမျိုးမျိုးပေး၍ TNLA ထိန်းချုပ်မှုအောက်မှ မြို့ပြန်ရရန် ပြီးခဲ့သည့်ဧပြီလအတွင်း တရုတ်နှင့်တွေ့ဆုံသည့်အစည်းအဝေး၌ တောင်းဆိုခဲ့သည့် မြို့များဖြစ်ပြီး TNLA ဘက်ကမူ စစ်ကောင်စီ၏တောင်းဆိုမှုအပေါ် တရားဝင်ငြင်းဆိုထားသည်။

ထိုနောက်ပိုင်းတွင် စစ်ကောင်စီက မြို့များရှိ အရပ်သားနေထိုင်ရာနေရာများကို လေကြောင်းမှ တိုက်ခိုက်နေရုံ သာမက သာလွန်အင်အားသုံးပြီး မြေပြင်ထိုးစစ်ဆင်လာသဖြင့် TNLA ဘက်က ခုခံကာကွယ်နေရကြောင်း ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲ၌ အဖွဲ့ပြောခွင့်ရ လွေးယေဦးက ပြောဆိုဖူးသည်။
တအာင်းဒေသအတွင်း စစ်ကောင်စီထံမှ ပုံစံအမျိုးမျိုးဖြင့် ဖိအားပေးသိမ်းပိုက်ရန်ကြိုးပမ်းနေသည့် ကျောက်မဲ၊ နောင်ချိုနှင့် သီပေါမြို့များမှာ မန္တလေး-လားရှိုးလမ်းမကြီးပေါ်တွင်ရှိပြီး နယ်စပ်ကုန်သွယ်ရေးအချက်အချာကျ မြို့များဖြစ်သည်။
အဆိုပါ မြို့များသို့ လေကြောင်းတိုက်ခိုက်ခဲ့သည့်ကာလတွင်လည်း စစ်ကောင်စီတပ်က ပြင်ဦးလွင်နှင့်နောင်ချိုမြို့အကြား တပ်ဖြန့်ထားသောကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်ရွာများတွင်လည်း စစ်တပ်ကပစ္စည်းခိုးယူသယ်ဆောင်မှုများ ကျူးလွန်ခဲ့သည်ဟု SHRF က ထုတ်ပြန်ချက်အတွင်းပြောသည်။


















