Home သတင်း တပ်မဟာ (၁) နယ်မြေတွင် တလအတွင်း စစ်ကောင်စီ ၉ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရဟု ကေအဲန်ယူ ထုတ်ပြန်

တပ်မဟာ (၁) နယ်မြေတွင် တလအတွင်း စစ်ကောင်စီ ၉ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရဟု ကေအဲန်ယူ ထုတ်ပြန်

717
Photo: KNU

ဇူလိုင် ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ သထုံခရိုင်/တပ်မဟာ(၁)နယ်မြေတွင် ပြီးခဲ့သည့် ဇွန်လ တလ အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်တို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဝင်တပ်ဖွဲ့ဝင် ၉ ဦးသေဆုံးပြီး ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ခရိုင်၏လချုပ်မှတ်တမ်းအရ သိရသည်။

ဇွန်လ ၂ ရက်မှ ၂၇ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲပေါင်း (၁၃) ကြိမ်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ပူးပေါင်း တပ်ဘက်မှ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခြင်း၊ တိုက်ဗုံးနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်း စသည့် ပစ်ခတ်မှုပုံစံများဖြင့် တိုက်စစ်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုလည်း သထုံခရိုင်၏ မှတ်တမ်းတွင် ဖော်ပြထားသည်။

နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့များ အား ပြောက်ကျားပစ်ခတ်ခြင်း (၇) ကြိမ်၊ တိုက်ဗုံးတိုက်ခြင်း (၂) ကြိမ်နှင့် မိုင်းဆွဲတိုက်ခိုက်ခြင်း(၄) ကြိမ် ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုအပြင် နောက်ထပ် (၂၀)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်သုံးမော်တော်ယာဥ် (၅) စီးလည်းပျက်စီးခဲ့ကြောင်း ထိုမှတ်တမ်းက ဖော်ပြပါရှိသည်။

ထိုသို့ တိုက်ပွဲအများ ဖော်ဆောင်ရာ၌ တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ထိခိုက်သေဆုံးမှုမရှိကြောင်း ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။

၎င်းအပြင် စစ်ကောင်စီတပ်က သထုံခရိုင်အတွင်းရှိ ကျေးရွာ(၅)ရွာထက်မနည်း အရပ်သား ပြည်သူ လူထုများ နေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှု (၁၁) ကြိမ် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးသေဆုံးခဲ့ရပြီး ၇ ဦး ထိခိုက်ဒဏ်ရာရသည့်အပြင် ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် ၁၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း KNU သထုံခရိုင်က ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ အကြောင်းမဲ့ အရပ်သားများနေထိုင်ရာသို့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းများ စစ်ကောင်စီက ပြုလုပ်နေသည့်အတွက် ဒေသခံများ စိုးရိမ်စိတ်ဖြင့် နေထိုင်နေရပြီး လုပ်ကိုင်စား သောက်ရေးအတွက် လုံခြုံမှုမရှိသဖြင့် စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ခရိုင်၏ လချုပ်မှတ်တမ်းအရ ပြီးခဲ့သည့် မေလအတွင်း တပ်မဟာ (၁) နယ်မြေတွင် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ် ၅၇ လုံးပျက်စီးပြီး အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။