ရိက္ခာဖြတ်ခံရတော့မဲ့ ဒုက္ခသည်တွေ
(ဇူလိုင် ၄၊ ၂၀၂၅) ကေအိုင်စီ
“သားသမီးတွေ ထမင်းမဝမှာစိုးလို့ မိခင်တစ်ယောက်အနေနဲ့ ထမင်းလျှော့စားခဲ့ရတာ ကြာပြီး” လို့ ထိုင်း-မြန်မာ နယ်စပ် နို့ဖိုးဒုက္ခသည်စခန်းမှာခိုလှုံနေတဲ့ နော်လားဖောက ဖွင့်ဟလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့မှာ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်း ၉ ခုမှာ အဓိက စားနပ်ရိက္ခာ ဖြန်ဝေပေးနေတဲ့ TBC(The Border Consortium) အဖွဲ့က ဒုက္ခသည်တွေကို အခုနှစ် ဇူလိုင် ၃၁ ရက်နေ့ နောက်ပိုင်း ရိက္ခာဖြန့်ဝေ ပေးမှု မသေချာ ရပ်ဆိုင်းဖွယ်ရှိတယ်လို့ ဝမ်းနည်းကြောင်း အသိပေးမှုတစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
ဒါဟာ ဒီနှစ်အတွက် TBC ရဲ့ ရိက္ခလျော့ချရေးနဲ့ ရပ်ဆိုင်းဖွယ် အသိပေးချက်ကို ၃ လအတွင်း ၂ ကြိမ်မြောက်ထုတ် ပြန်လာတာပါ။ ထုတ်ပြန်တဲ့ ရက်တွေကို ကြည့်မယ်ဆိုရင် မတ် ၂၇ ရက်နေ့မှာ ရိက္ခာလျော့မယ်လို့ ထုတ်ပြန်သလို အခု ဇွန် ၂၇ ရက်မှာ ရိက္ခာရပ်ဆိုင်းဖွယ် ရှိတယ်လို ထုတ်ပြန်လာတာပါ။
ဒါ့အပြင် အခုနှစ်ဆန်းပိုင်း ဇန်နဝါရီ ၂၇ ရက် နေ့တုံးကလည်း ဒုက္ခသည် စခန်းတွေက ဆေးခန်းတွေကို ထောက်ပံ့ မှု ရပ်ဆိုင်းခဲ့တာပါ။ ဒုက္ခသည်တွေ အတွက် ဒီနှစ်မှာ ၂၇ ရက် နေ့တွေဟာ သတင်းကောင်း မကြားရတဲ့ ရက်တွေ လို့ ဆိုရမလိုပါဘဲ။
ဇွန် ၂၇ ရက်နေ့ TBCရဲ့ ထုတ်ပြန်ချက်ထဲမှာ ပင်မအလှူရှင်က ဆက်ထောက်ပံ့ဖို့ အတည်မပြုသေးလို့ ကံမကောင်း စွာနဲ့ ဒုက္ခသည်စခန်းတွေက Standard အိမ်ထောင်စုဝင်တွေကို လာမဲ့ ဇူလိုင် ၃၁ ရက်နေ့နောက်ပိုင်း အစားအစာ ထောက်ပံ့မှု မရတော့ဘူးလို့ ပြောထားပါတယ်။
သို့ပေမဲ့ ဒုက္ခသည်မိသားစုတွေထဲ အထူးလိုအပ်ချက်ရှိတဲ့ (MV) နဲ့ အထူးလိုအပ်သော အိမ်ထောင်စုများ (V) အုပ်စု တွေကို အကန့်အသတ်ရှိတဲ့ စားနပ်ရိက္ခာအကူအညီကို ဆက်ရမယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့လည်း ရိက္ခာ စာအုပ်ကို အသုံးပြုပြီး ဂိုဒေါင်မှာ ရိက္ခခြောက်ကိုဖြန့်ဖြူးတဲ့ စနစ်ကိုပြန်လုပ်မယ်လို့ TBC က ဆိုပါတယ်။ ဒါက ရိက္ခဖြန့်ဝေတဲ့ကုန်ကျစရိတ် လျော့နည်းအောင် စီမံတာလို့ TBC က ရှင်းပြထားပါတယ်။
(ဒုက္ခသည် အိမ်ထောင်စုတွေကို အုပ်စုခွဲထားတာနဲ့ ရိက္ခာဖြန့်ဝေပုံ စနစ်တွေအကြောင်း ရှင်းပြထားတဲ့ သတင်း ဆောင်းပါးကို ဒီလင့်မှာ အပြည့်အစုံဖတ်နိုင်ပါတယ်။ https://www.facebook.com/share/p/1CUxhMfgjk/)
ထိုင်း-မြန်မာ နယ်စပ်တလျှောက် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ထမ့်မဟင်၊ ဘမ့်ဒုံယန်း၊ ကရင်နီ အမှတ် (၁) နှင့် အမှတ် (၂) စတဲ့ ဒုက္ခသည်စခန်းပေါင်း ၉ ခု ရှိပါတယ်။ အဲ့ဒီ့အထဲမှာ အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းဟာ ၁၉၈၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အခု နှစ်ပေါင်း ၄၁ နှစ်ထိ သက်တမ်းရှိပြီး ဖြစ်ပါတယ်။
ရိက္ခာဖြတ်တောက်ပြီးဆိုရင် ဒုက္ခသည်စခန်းထဲက အလုပ်မရှိ၊ အပြင်ဝင်ငွေမရှိတဲ့ မိသားစုဝင်တွေကတော့ အကြီးမားဆုံး စိန်ခေါ်မှုတွေ ရင်ဆိုင်လာရတော့မှာဖြစ်တယ်လို့ ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေထဲမှာ အကြီးဆုံးစခန်းဖြစ်တဲ့ မယ်လဒုက္ခသည်စခန်းက အတွင်းရေးမှူး စောဆန်းဒေးက မှတ်ချက်ပြု ပြောပါတယ်။
“လူတွေရဲ့အဓိကလိုအပ်ချက်က အခြေခံစားသောက်ကုန် ဆန်ဘဲ ဒီဟာတွေမရတော့ရင် စိန်ခေါ်မှုက တော်တော် ရှိလာနိုင်တယ်။ ဖြစ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးတွေလဲ အများကြီးလိုက်လာနိုင်မယ်။ ကလေးတွေ အများကြီး ရှိတဲ့သူတွေ အခက်အခဲတော်တာ်ရှိလာမယ်။ ဒီလကုန်အထိက ရအုံးမယ်ဆိုတော့ အသနားခံစာ လာတင်တဲ့ မိသားစုတော့ မရှိသေးဘူး။ နောက်တော့ ဆက်လာရင်လဲ လာမယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့ ဧပြီလကစပြီး လျော့ချလိုက်တဲ့ ရိက္ခာထောက်ပံ့မှုအရ ဝင်ငွေ လုံးဝ မရှိတဲ့ အုပ်စုမှာပါဝင်တဲ့သူတွေကို တစ်ဦး လျှင် တစ်လ ၃၈၈ ဘတ် နှုန်းရိက္ခာအတွက် TBC က ထောက်ပံ့ပေးပါတယ်။
အခုလို လျော့ချခံရတဲ့ ဒုက္ခသည် မိသားစုဝင် နို့ဖိုးစခန်းမှာနေတဲ့ ကလေး ၃ ဦး မိခင် နော်လားဖောကတော့ သူတို့ ရင်ဆိုင် နေရတဲ့ အခက်အခဲကို အခုလို ဖွင့်ဟပြောပါတယ်။
“သားသမီးတွေ ထမင်းမဝမှာစိုးလို့ မိခင်တယောက်အနေနဲ့ ထမင်းလျော့စားခဲ့ရတာ ကြာပြီး။ တစ်ရက်၊ တစ်ရက် ဘယ်လိုစားရမလဲ မနက်ဖြန်ဆို ကိုယ့်သားသမီးတွေ ဝဝလင်လင် စားရပါ့မလား အမြဲ တွေးပူ နေရတယ်” လို့ သူမက ပြောပါ တယ်။
သူမအမျိုးသား ဖြစ်သူဟာ စခန်းအပြင်ထွက်အလုပ်လုပ်ခွင့် ရတဲ့ ရက်တွေထဲက နေ့စားခကို မိသားစုတစ်စုလုံး တစ်လစာ လောက်ငှအောင် မနည်းစီမံနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် လသားအရွယ်သူမသမီး အငယ်မှာ မွေးရာ ပါ ရောဂါတွေရှိလို့ အတော်ခက်ခဲစွာ ရှင်သန်နေရတယ်လို့ သူမက ပြောပါတယ်။
လာမယ့် ဇူလိုင်ကုန်မှာ လုံးဝ ရိက္ခာဖြတ်ခံရဖို့ရှိနေတဲ့ Standard အုပ်စုဝင် ဒုက္ခသည်မိသားစုက နော်အယ်မွီးက လည်း အခြေခံ ဆန်နဲ့ ဆီ စတဲ့ စရိတ်အတွက် စိုးရိမ်နေတယ်လို့ ဆိုပါတယ်။
အရင်က ရိက္ခာထောက်ပံ့မှုရတဲ့အချိန်က သူမတို့ မိသားစုဟာ ဆန်၊ ဆီ၊ ဆား စတဲ့ ရိက္ခာခြောက်ကို ထောက်ပံ့ငွေ ထဲက တစ်လစာ ဝယ်ယူထားပြီး ကျန်ဟင်းစားအတွက် စခန်းအပြင်ထွက်နေ့စား လုပ်ခွင့်ရတဲ့နေ့က လုပ်ခကို ပြန်သုံးသလို စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ စားသောက်နေတာဖြစ်တယ်လို့ သူမက ပြောတယ်။
အခြေား Standard အုပ်စုဝင် ဒုက္ခသည်မိသားစု တစ်စုဖြစ်တဲ့ နော်မိုးရှီရဲ့ အမျိုးသားဟာ မြန်မာပြည်ဘက် သေ့ဘောဘိုး၊ ဥကရိထ ဘက်က ပြောင်းဖူးစိုက်ခင်းတွေမှာ နေ့စား အလုပ် သွားလုပ်ပြီး မိသားစုအတွက် ဝင်ငွေ ရှာပေးနေပေမဲ့ အခု လက်ရှိ အဲ့ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ အလုပ်လက်မဲ့ ဖြစ်သွားရှာပါတယ်။
“ကျမတို့ကြီးဘဲ မကဘူး တော်တော်များများက ဒုက္ခရောက်မယ်။ ဖြစ်နိုင်ရင် ဒုက္ခသည်တွေကို ရိက္ခာမထောက်ပံ့ နိုင်ရင်တောင် ဝင်ငွေထွက်ရှာနိုင်တဲ့ လမ်းကြောင်းတစ်ခု ဖော်ဆောင်ပေးစေချင်ပါတယ်” လို့ သူမက ပြောပါတယ်။
ရိက္ခာဖြတ်ခံရတော့မဲ့ အချိန်မှာ ဒုက္ခသည်တွေ မျှော်လင့်ဆုံးအရာတစ်ခုက ထိုင်းအစိုးရက ဒုက္ခသည်တွေကို စခန်း ပြင်ပမှာ တရားဝင်အလုပ် ထွက်လုပ်ခွင့်ပေးဖို့ဆိုတဲ့ မျှော်လင့်ချက်တစ်ခုပါဘဲ။
စခန်းအပြင်ကိုထွက်ပြီး အလုပ်လုပ်ခွင့်ပြုဖို့ ဒုက္ခသည်တွေကိုကူညီပေးနေတဲ့ TBC၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီရုံး-UNHCR နဲ့ ကရင်၊ ကရင်နီဒုက္ခသည်များ ကော်မတီတွေ၊ ဒေသအတွင်းရှိ လူမှုအဖွဲ့အစည်း တွေက ထိုင်းအစိုးရကို တိုက်တွန်းပြောဆိုတာရှိပါတယ်။ အခုထိတော့ ခွင့်ပြုချက်မရသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန် ၂၀ရက်နေ့က ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာလည်း နေရပ်ပြန်ရန် မျှော်လင့်ချက်မရှိသေးတဲ့ ဒုက္ခသည်တွေကို နိုင်ငံတကာက ဆက်လက်ကူညီဖို့နဲ့ ဒုက္ခသည်စခန်းမှာနေတဲ့ ဒုက္ခသည်တွေကို စခန်းပြင်ပမှာ တရားဝင် အလုပ်ထွက်လုပ်ခွင့်ပေးဖို့ ထိုင်းအစိုးရကိုလည်း တိုက်တွန်း တောင်းဆိုခဲ့ပါသေးတယ်။
(ဒုက္ခသည်တွေ စခန်းအပြင်ထွက် အလုပ်လုပ်ခွင့်နဲ့ပတ်သက်ပြီး ဒီဆောင်းပါးမှာ အသေးစိတ်ဖတ်ရှု့နိုင်ပါတယ်။ https://www.facebook.com/share/p/1BsE8kVpsu/)
ဒီနှစ်ဟာ ဒုက္ခသည်တွေ အထိနာတဲ့ နှစ်လို့ ဆိုနိုင်ပါတယ်။ ဒုက္ခသည်တွေ ခေါ်ယူခိုလှုံခွင့်ပေးတဲ့ အမေရိကန်နိုင်ငံ ဟာ ခေါ်ယူရေးရပ်ဆိုင်းသလို၊ ဒုက္ခသည်စခန်းတွေကို ကျမ်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ International Rescue Committee (IRC)ကိုလည်း အမေရိကန်က ထောက်ပံ့မှုရပ်လိုက်လို့ စခန်းထဲမှာ ဆေးရုံ၊ ဆေးခန်းတွေ လုံးဝနီးနီး ပိတ်လိုက်ရသလို ဖြစ်ခဲ့ပါသေးတယ်။
အခုလည်း ရံပုံငွေ မရတော့လို့ TBC က ရိက္ခာထောက်ပံ့မှုကို လျော့ချတာနဲ့ ရပ်ဆိုင်းတာတွေ ဒီနှစ်ဝက်အတွင်း ဆက်တိုက်ပြုလုပ်နေပါတယ်။ ရိက္ခာပံ့ပိုးမှု နည်းလာပြီးဖြစ်တဲ့အကြောင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက TBC ထုတ်ပြန်ခဲ့တာဖြစ်ပြီး အလှူရှင်တစ်ဦး ၁၈၆ ဒေါ်လာလှူပါက ဒုက္ခသည်တစ်ဦးရဲ့ တစ်နှစ်စာရိက္ခာ လုံလောက်မှု ရှိတာကြောင့် ရံပုံငွေထည့်ဖို့ TBC ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တိုက်တွန်းခဲ့ပါသေးတယ်။
သို့ပေမယ့်လည်း အလှူရှင်မရှိတာကြောင့် လာမယ့် ဇူလိုင်လကုန်မှာ ဒုက္ခသည် တချို့ကို ရိက္ခာဖြတ်တော့မှာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး TBC က ထုတ်ပြန်ချက်ထဲမှာ အခုလို ပြောဆိုလိုက်ပါတယ်။
“ဤပြောင်းလဲမှုများသည် များစွာသောအခက်အခဲများကို ဖြစ်စေနိုင်သည်ကို ကျွန်ုပ်တို့ နားလည်ပြီး ၎င်းသည် သင်နှင့် သင့်မိသားစုအပေါ် သက်ရောက်မှုရှိနိုင်သည့်အတွက် ကျွန်ုပ်တို့သည် စိတ်ရင်းမှန်ဖြင့် တောင်းပန်အပ်ပါ သည်။” TBC