ဇူလိုင် ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင် ရေဘေးရှောင် စခန်း ၈ ခု ဖွင့်လှစ်ထားပြီး လူ ၃,၀၀၀ ဦးကျော် ယာယီခိုလှုံ နေသည်ဟု ရေဘေးကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ လူမှုအဖွဲ့အစည်းများထံမှ သိရသည်။
ယနေ့ မွန်းလွဲပိုင်းတွင် မြဝတီမြို့ ကမ်းနားပိုင်း ခွန်ဆာဝင်း၊ သဲပုံဂိတ်၊ နတ်မောက်၊ ကြံခင်း၊ ကျွန်းတော စသည့် နေရာများ ရေနစ်မြှုပ် နေပြီးဖြစ်သလို ထိုနေရာများမှ လူများကို ကယ်ဆယ်ရွှေ့ပြောင်းပေးထားသည်ဟု ရေဘေး ကူညီ ကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။
“အခုက ရေဘေး ရှောင်တွေကို တောရကျာင်း၊ ကိုးနဝင်းကျောင်း၊ ဟေမာန်ဦး၊ ကြခတ်တော အပါအဝင် ဘုန်းကြီးကျောင်း ၈ ကျောင်းမှာ အိမ်ထောင်စု ၈၀၀ ကျော် က လူ ၃,၂၀၀ ကျော် အခုစာရင်းပေါ့နော် လိုက်ကယ် နေတာတွေ ထပ်ရှိသေးတယ်။ ထပ်တိုးလာအုန်းမယ် ရေက တက်နေတုန်းဘဲ” ဟု ၎င်းက ပြောသည်။

ယနေ့ မွန်းလွဲပိုင်းအချိန်တွင် မြဝတီ၌ မိုးရွာသွန်းနေဆဲ ဖြစ်ကာ မြေနိမ့်ပိုင်းနေရာများရှိ နေအိမ်များကို စစ်ကောင်စီ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအဖွဲ့များက ယာယီကယ်ဆယ်ရေး စခန်း များသို့ နေရာရွှေ့ပြောင်း ပေးနေရသည်ဟု သိရသည်။
“အခု မြဝတီ ရပ်ကွက်တွေထဲက အမြင့်ပိုင်း ၃ ထပ်၊ ၄ထပ် မှာနေသူတွေက ရေဘေး မရှောင်ကြသေးဘူး။ သူတို့ တိုက်အောက်တွေတော့ မြှုပ်ကုန်ပြီး။ သူခိုး၊ ဓါးပြ ရန်ကြောက်တော့ မပြောင်းကြဘူး။ မိုးကဆက်ရွာ ရေတွေက တိုးနေတော့ သူတို့ကို လိုက်ကယ်ပေးရမယ့် အခြေအနေ မျိုးရှိတယ်။ အခု တချို့မိသားစုတွေကို လိုက်ကယ်ပေး နေရတယ်” ဟု ကယ်ဆယ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ထိုသို့ မြဝတီခရိုင်အတွင်း ရေကြီးနေသည့် အပြင် ဒေါနတောင် ထို့ကော်ကိုးကားလမ်း၊ ၁၀၁၈ BGF တပ် ကြက်ဥ တောင်လမ်းပိုင်းများတွင်လည်း တောင်ပြို၊ မြေပြို၊ သစ်ပင်ကျိုးကျ မှုများကြောင့် မြဝတီ-ဖားအံ ကုန်စည်နှင့် ခရီးသယ်တင်ကားများ တောင်ကျရေကြောင့် လမ်း၊ တံတားများမျောပါပြီး ကားများပိတ်မိနေသည်ဟု သိရ သည်။


















