Home သတင်း ထိုင်းနှင့် ကမ္ဘောဒီးယားအရေး ဝေဖန်ရေးသားခြင်း မပြုကြရန် သတိပေး

ထိုင်းနှင့် ကမ္ဘောဒီးယားအရေး ဝေဖန်ရေးသားခြင်း မပြုကြရန် သတိပေး

906
photo- The Reporters

ဇူလိုင် ၂၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနှင့် ကမ္ဘောဒီးယား အရေးကိစ္စကို ဝေဖန်ရေးသားခြင်း မပြုကြရန် ရွှေ့ပြောင်း အလုပ်သမားများ အရေး ဆောင်ရွက်နေသူများက သတိပေး ပြောဆိုသည်။

ယနေ့ ဇူလိုင် ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုနှစ်နိုင်ငံ နယ်စပ်၌ ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး ထိုင်းရောက် မြန်မာ အလုပ်သမားများအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဝေဖန်ရေးသားမှုမျိုး မလုပ်သင့်သလို ထိုင်းနိုင်ငံ၏ ဆိုက်ဘာ ဥပဒေအရလည်း တရားစွဲခံရနိုင်သည့် အထိဖြစ်နိုင်သောကြောင့် လုံးဝမလုပ်ဆောင်ရန် မြန်မာပြည်သား များ အရေးပူးတွဲလှုပ်ရှားမှုကော်မတီ၊ ဥက္ကဌဦးမိုးကြိုးက ယခုလို ပြောသည်။

“ထိုင်းနိုင်ငံရဲ့ ဘုရင်စနစ်ကိုလည်းကောင်း ထိုင်းအစိုးရကိုလည်းကောင်း ထိုင်းဥပဒေ တစ်ရပ်ရပ်ကိုလည်းကောင်း ရွှေ့ပြောင်းလုပ်သားတွေက ချိုးဖောက်ခွင့်မရှိဘူး။ သူ့အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးဥပဒေအရ သိသွားရင် တရားစွဲလို့ရတယ်။ အွန်လိုင်းပေါ်မှာ ဗီဒီယိုတင်တာ မှတ်ချက်ရေးတာတွေ ဘာမှမလုပ်တာ အကောင်းဆုံးဘဲ။ ထိုင်း ဘန်မူချာနယ်စပ်ရေးရာ ပဋိပက္ခကနေ စစ်ပွဲအတွက်ဆောင်တာဘဲဖြစ်ဖြစ် ထိုင်းနိုင်ငံရေးကိုဖြစ်ဖြစ် မြန်မာ ရွှေ့ပြောင်းလုပ်သားအနေနဲ့ ဘယ်လိုနည်းနဲ့မှ ပါဝင်ပတ်သက် ဝေဖန်ရှုတ်ချ၊ သရော်ရေးသားတာတွေကို လုံးဝ မလုပ်သင့်ဘူ ရေးလဲမရေးနဲ့”ဟု ၎င်းက ပြောသည်။

Photo- The Reporters

ထို့အပြင် ယခု နှစ်နိုင်ငံကိစ္စ နှင့် ပတ်သက်၍ မြန်မာပြည်သားများအနေဖြင့် ဝေဖန်သရော်ရေးသားမှုမျိုး လုပ်ဆောင်ပါက ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် သက်ရောက်မှုရှိလာနိုင်သည့်အတွက် မလုပ်ဆောင်သင့်ကြောင်းလည်း အလုပ်သမားအရေး လုပ်ဆောင်သူတချို့က ပြောသည်။

အဆိုပါ နယ်စပ် ဒေသတွင် နာနတ်၊ ဒူးရင်းခြံ၊ ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် သစ်စက် လုပ်ငန်း များ၌ မြန်မာလုပ်သား ၃ သိန်းခန့် သွားရောက်လုပ်ကိုင်နေသည်ဟု ဦးမိုးကြိုးက ပြောသည်။
ထို့ကြောင့် လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် ထိုနယ်မြေဒေသရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားအနေဖြင့် သတိထား နေထိုင်သင့်သလို ထိုင်းတာဝန်ရှိသူများ စစ်ဆေးမှုပြုလုပ်ပါက ကြည်ဖြူစွာ လက်ခံ သင့်ကြောင်းလည်း ဦးမိုးကြိုးက ဖြည့်စွက်ပြောသည်။

ထိုနှစ်နိုင်ငံ နယ်စပ် ပစ်ခတ်မှု အတွင်း ကလေးငယ်များနှင့် အရပ်သားပြည်သူ ၁၁ ဦး သေဆုံးခဲ့သည်ဟု ထိုင်းကျမ်း မာရေးဌာန၊ တာဝန်ရှိသူများက ပြောဆိုထားသည်။