Home သတင်း ဘက်ပြောင်းလာသူများကို အပြည့်အဝ တာဝန်ယူသွားမည်ဟု ဗျူဟာ- ၃၂ ပြောဆို

ဘက်ပြောင်းလာသူများကို အပြည့်အဝ တာဝန်ယူသွားမည်ဟု ဗျူဟာ- ၃၂ ပြောဆို

193
Photo: Crd.

ဇူလိုင် ၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်များထံသို့ ဘက်ပြောင်းလာသူများကို တာဝန်ယူမှု၊ တာဝန်ခံ မှုရှိစွာဖြင့် အပြည့်အဝ တာဝန်ယူသွားမည်ဟု ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ တပ်မဟာ-၆ အထူး တိုင်းစစ်ဒေသ၊ ဗျူဟာ-၃၂ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ဇူလိုင် ၃ ရက်နေ့တွင် ပြောဆိုသည်။

လက်ရှိ ကော့ကရိတ်အာရှလမ်းသစ် အောင်ဇေယျစစ်ဆင်ရေးမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တော်လှန်ရေးတပ်များ ထံသို့ ထွက်ပြေးခိုလှုံမှုများ ဆက်တိုက်ရှိနေသည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ ဗဟို ဌာနချုပ်က ထုတ်ပြန်ထားသည်။

ထို့အပြင် ထပ်မံဘက်ပြောင်းခိုလှုံလာမည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း နွေးထွေးစွာကြိုဆိုသွားမည်ဟု တပ်မဟာ-၆၊ အထူးတိုင်းစစ်ဒေသ ဗျူဟာ-၃၂ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောဆိုသည်။

“စစ်ကောင်စီနဲ့အတူ အသေခံမလား။ ပြည်သူလူထုနဲ့အတူ ပါဝင်ပြီးတော့မှ အလင်းဝင်မလားပေါ့နော် ကျနော်တို့ ဘက်ကတော့ တော်လှန်ခြင်စိတ်ရှိတဲ့ မည်သူ့ကိုမဆို အမြင်မှန်ရတဲ့မည်သူ့ကိုမဆို ကျနော်တို့အနေနဲ့ နွေးထွေးစွာ ကြိုဆိုပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ လက်ခံပါတယ်” ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ဘက်ပြောင်း ခိုလှုံလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ဦးကျော်ကို ဗျူဟာ-၃၂ က သင်တန်းပေးခဲ့ပြီး ဇူလိုင် ၂ ရက်နေ့တွင် သင်တန်းဆင်းပွဲကို ၎င်းတို့ ထိန်းချုပ်နယ်မြေ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ ကေအဲန်ယူ၊ နိုင်ငံခြားရေးဌာန၊ ဌာနမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ ပဒိုတောနီး တက်ရောက် အားပေးခဲ့ပြီး အခြားတော်လှန်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း ဗျူဟာ-၃၂ ထံမှ သိရသည်။