Home Facts Checking News ဖြူးမြို့နယ်မှာ KNLA, PDF က လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံများထိခိုက်သေဆုံးရကြောင်း စစ်ကောင်စီသတင်းမှားဖြန့်

ဖြူးမြို့နယ်မှာ KNLA, PDF က လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံများထိခိုက်သေဆုံးရကြောင်း စစ်ကောင်စီသတင်းမှားဖြန့်

174

ဖြူးမြို့နယ်မှာ KNLA, PDF က လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံများထိခိုက်သေဆုံးရကြောင်း စစ်ကောင်စီသတင်းမှားဖြန့်

ဇူလိုင် ၃ ရက်၊ ၂၀၂၅ ခုနှစ်။ KIC, FFM, The Red Flag

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဝဲကြီး(တောင်)၊ ဝဲကြီး(မြောက်)နှင့် ဝဲဒေါင့်ကျေးရွာတွင် ဇွန်လ ၂၉ ရက်နေ့က KNLA နှင့် PDF များမှ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သဖြင့် ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ဒေသခံ (၂၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီထိန်းချုပ်သည့် မီဒီယာများက သတင်းမှားဖြန့်နေသည်။

အဆိုပါသတင်းကို ၇ သောင်းကျော် Subscribe ပြုလုပ်သူရှိသည့် Positive angle news (PAN) က ဇွန်လ ၃၀ ရက်နေ့တွင် စတင်ဖြန့်ဝေလာခြင်းဖြစ်ပြီး “KNLA နဲ့ PDF ပစ်ခတ်လို့ ဝဲကြီး(တောင်)ကျေးရွာက ဒေသခံ သုံးဦး သေဆုံး ၂၅ ဦး ဒဏ်ရာရ” ဆိုသည့် စာသားဖြင့် ထိခိုက်သေဆုံးသူ အမည်စာရင်းနှင့်ပုံများနှင့်တကွ ဖော်ပြထားခြင်းဖြစ်သည်။

Positive angle news (PAN) – https://archive.ph/TgHWo

ထို့အပြင် စစ်တပ်ထိန်းချုပ်သည့် MOI ၏ ဝက်ဘ်ဆိုက်၊ တယ်လီဂရမ်ချန်နယ်အပါအဝင် Subscribers ၂သောင်းကျော်ရှိသည့် MT News _ Myanmar Transparency နှင့် Snow Queen, Ko Thet, Min Din စသည့် စစ်ကောင်စီ၏နာမည်ရဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်လည်း ဇူလိုင်လ ၁ ရက်နေ့ဖြင့် “KNLA အဖွဲနှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့၊ ဝဲကြီးရွာဒေသခံများထိခိုက်သေဆုံးမှုရှိ၍ ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေး” ဟု ရေးသားကာ ပုံများနှင့်တကွ ဆက်လက်ဖြန့်ဝေခဲ့သည်။

MOI – https://archive.ph/ZZElD

MT News – https://archive.ph/lbm6X

သတင်းတု၊သတင်းမှား စစ်ဆေးပေးနေသည့် Myanmar Fact-Checking အဖွဲ့ဝင် KIC နှင့် ဖက်ဒရယ်FM(FFM) တို့မှ အဆိုပါသတင်းကိုစိစစ်ကြည့်ရာ သတင်းမှားဖြစ်ကြောင်း တွေ့ရသည်။

သတင်းစိစစ်ချက်

ဖြူးမြို့နယ်၊ ဝဲဒေါင့်ရွာအနီးက စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၂၉ ရက် မနက်အစောပိုင်းတွင် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီက မနက်(၈)နာရီခွဲ တိုက်ပွဲပြီးချိန် ဝဲကြီးရွာဘက်ကို လေကြောင်းပစ်ခတ်၍ လက်နက်ကြီးများလည်း တနေကုန်ပစ်ခတ်သောကြောင့် ဒေသခံများ ထိခိုက်သေဆုံးရကြောင်း NUG တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသခွဲမှူး ဦးတင်ဦး၏ပြောကြားချက်ကို ကိုးကားပြီး Myanmar Now သတင်းက ဖော်ပြသည်။

Myanmar Now- https://shorturl.at/TMerT

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပစ်ခတ်မှုကြောင့် စစ်ကောင်စီထိခိုက်သေဆုံးမှုသာရှိခဲ့ပြီး စစ်ကောင်စီက ဝဲကြီးနှင့်ဝဲဒေါင့်ရွာများကို လေယာဥ်အပြင် လက်နက်ကြီးပါပစ်တာကြောင့် အသက်(၇)နှစ်အရွယ် ကလေးငယ်အပြင် အရပ်သား (၄)ဦးထက်မနည်း သေဆုံးရပြီး ဒဏ်ရာရသူ ၅၀ ထက်မနည်း ရှိခဲ့ကြောင်းလည်း ရွာခံများကပြောဆိုမှုအပေါ် သတင်းလုပ်ငန်းစဥ်အတိုင်း လုပ်ဆောင်နေကြသည့် FFM, DVB, BBC, Irrawaddy သတင်းဌာနတို့ကလည်း သတင်းဖော်ပြကြသည်။

DVB – https://www.dvb.no/post/712445

BBC – https://shorturl.at/hhm5T

Irrawaddy – https://shorturl.at/MJ2a5

FFM – https://shorturl.at/KZ9Es

အလားတူ Myanmar Press Photo Agency – MPA ကလည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုပြုလုပ်၍ ထိခိုက်သူဒေသခံများအား လာကူသည့် ပရဟိတအဖွဲ့များကို ကန့်သတ်ခဲ့သဖြင့် သေဆုံးသူများပြားခဲ့သည်ဟု ဖော်ပြသည်။

MPA – https://shorturl.at/UgNw

သုံးသပ်ချက်

ဇွန်လ ၂၉ ရက်နေ့က ဝဲကြီး၊ ဝဲဒေါင့်ရွာဘက်တွင် စစ်ကောင်စီနှင့်တော်လှန်ရေးအင်အားစုများ နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုဖြစ်စဥ်မှန်ကန်သော်လည်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုသာရှိခဲ့သည်။

ထို့နောက် စစ်ကောင်စီက တိုက်ပွဲဖြစ်ပြီးချိန်တွင် လက်နက်ကြီးနှင့်လေယာဥ်သုံး၍ ရွာများကို တိုက်ခိုက်တာကြောင့် ဒေသခံထိခိုက်သေဆုံးမှုဖြစ်ရကြောင်း ဖော်ပြပါ ယုံကြည်ရသည့် သတင်းမီဒီယာများနှင့် တိုက်ဆိုင်စစ်ဆေးချက်အရ သိရသည်။

၎င်းအပြင် စစ်ကောင်စီဘက်ကမီဒီယာများမှ ရေးသားချက်တွင် တော်လှန်ရေးအင်အားစုဘက်က ပစ်ခတ်မှုကြောင့်ဒေသခံထိခိုက်သေဆုံးရသည့် တိကျခိုင်မာသော အရပ်သားပြောစကားတစ်ခုမှ မပါဝင်ပါ။

အချိန်အားဖြင့်လည်း စစ်ကောင်စီမီဒီယာများက နံနက် ၅နာရီ ၂၀ မိနစ်တွင် တော်လှန်ရေးအင်အားစုမှ ပစ်ခတ်မှုလုပ်ခဲ့ကြောင်း ဖော်ပြသော်လည်း တော်လှန်ရေးတပ်ဖွဲ့ဖက်ကမူ နံနက် ၂ နာရီတွင် တိုက်ပွဲဖြစ်ပွားပြီး ကြာချိန် ၅ နာရီကြာမြင့်ခဲ့ရာ တိုက်ပွဲပြီးချိန်တွင် လေယာဥ်ပစ်ခတ်မှုဖြစ်ပွားသည်ဟု ဆိုသည်။

အထက်ပါ သတင်းဖော်ပြချက်များအရ တိုက်ပွဲပြီးဆုံးချိန် စစ်ကောင်စီ လေယာဥ်လာပစ်၍ အရပ်သား များထိခိုက်သေဆုံးရကြောင်းထင်ရှားပြီး PDF လက်နက်ကြောင့် အရပ်သားထိခိုက်သေဆုံးသည့် အချက်မှာ စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းအမှားအဖြစ် သုံးသပ်ရသည်။

ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork