Home သတင်း ထားဝယ် ရန်ထောင်ရွာတိုက်ပွဲ စစ်ကောင်စီ အကျအဆုံးများဟု ဒေါင်းညီနောင် စစ်ကြောင်းပြော

ထားဝယ် ရန်ထောင်ရွာတိုက်ပွဲ စစ်ကောင်စီ အကျအဆုံးများဟု ဒေါင်းညီနောင် စစ်ကြောင်းပြော

399
Photo: Crd.

ဇူလိုင် ၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထားဝယ်မြို့နယ်၊ ရန်ထောင်ရွာသို့ စစ်ကောင်စီက ဇွန် ၂၉ ရက်နေ့မှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် တိုက်ပွဲများ ဖြစ်ပွားနေကာ စစ်ကောင်စီအကျအဆုံးများနေသည်ဟု ဒေါင်းညီနောင် စစ်ကြောင်းက ထုတ်ပြန် ထားသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်း၌ အင်အား ၁၀၀ ဦးခန့်ပါဝင်ပြီး လက်ရှိ ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် ဒေသခံပိုင်နေအိမ်များ၌ အခြေချတပ်စွဲနေထိုင်နေသလို နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည်ဟု ဒေါင်းညီနောင် စစ် ကြောင်း တာဝန်ရှိသူက ယခုလို ပြောသည်။

“ဇွန်လ ၃၀ ရက်နေ့ကစပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ပြီးတော့ ယနေ့အချိန်ထိ တိုက်ပွဲအတွင်းမှာ စကစ ဘက်က တော့ ၅ ဦးသေဆုံးပြီးတော့၊ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိပါတယ်။ စကစဘက် သေဆုံးတာကို မျက်မြင်အတည်ပြု နိုင် ခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းကြောင့် ရန်ထောင်ကျေးရွာအပါအဝင်၊ သင်းကျွန်းကျေးရွာ၊ စော်ဖျားကျေးရွာ၊ ညောင်ဇစ်ကျေးရွာ၊ များမှဒေသခံ၂,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရသည်။ အဆိုပါစစ်ရှောင်များထဲတွင် အသက်ကြီးပိုင်းနှင့် ကလေးသူငယ်များ ပါဝင်လျက်ရှိနေပြီး မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း တော၊ တောင်များထဲတွင် တိမ်းရှောင် နေကြရသည်ဟု စစ်ရှောင်ကူညီနေသူ အမျိုးသမီးတစ်ဦးက ယခုလို ပြောသည်။

“စစ်ကြောင်း ရုတ်တရက် ဝင်လာတဲ့အတွက် ဒေသခံတွေအကုန် ပြေးရတယ်။ ပြီးတော့ ရန်ထောင်နဲ့ အနီးနားရွာ တွေက ၂,၀၀၀ နီးပါးအထိ တော၊ တောင်တွေနဲ့ စစ်ရှောင်စခန်းမှာ ရှောင်နေကြဆဲပါ” ဟု ၎င်းက ပြောသည်။

လက်ရှိ တနင်္သာရီတိုင်းဒေသကြီးအတွင်း စစ်ဘေးရှောင် ဦးရေ ရှစ်သောင်းကျော် ရှိပြီး အရေးပေါ်စားနပ်ရိက္ခာများ လိုအပ်နေသည်ဟု ကူညီနေသူများက ပြောသည်။