ဇူလိုင် ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတဝှမ်းလုံး ဇွန်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၅၃၂ ခု စစ်ကောင်စီ ကျူးလွန်ခဲ့ သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေး ဆိုင်ရာဝန်ကြီးဌာန၏ ယမန်နေ့ (ဇူလိုင် ၁၀ ရက်)နေ့တွင် ထုတ်ပြန်သော မှတ်တမ်းအရ သိရသည်။
ဇွန်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျူးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှု စုစုပေါင်း ၅၃၂ မှု အနက် မန္တလေးတိုင်းဒေသကြီးတွင် အဖြစ်များဆုံးဖြစ်ကာ ၁၁၆ မှုထိရှိခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ မှတ်တမ်းတွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများထဲမှ ဥပဒေမဲ့စွာ သတ်ဖြတ်ခံရသည့် ဖြစ်စဥ်သည်လည်း ၁၁၄ ခု ထိရှိခဲ့ပြီး အများဆုံး ကျူးလွန်ခံရသည့် ချိုးဖောက်မှု အမျိုးအစားတွင်ရှိနေကြောင်း NUG က ပြောသည်။
၎င်းအပြင် စစ်ကောင်စီက နိုင်ငံတဝှမ်း လေကြောင်းနှင့် ဗုံးကြဲချတိုက် ခိုက်မှုပေါင်း (၂၆၁ )ကြိမ်အထိ လုပ်ဆောင်ခဲ့ပြီး ဒေသခံများအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း (၇)ကြိမ် တိတိကိုလုပ်ဆောင်ခဲ့သည်ဟု ယင်းမှတ်တမ်းတွင် ဖော်ပြပါရှိသည်။
ထိုသို့ လေကြောင်းမှ ဗုံးကြဲခံရမှုကြောင့် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မကွေး တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဒေသခံပြည်သူ (၉၀)ဦး သေဆုံးခဲ့ရကြောင်း NUG က ပြောသည်။
အဆိုပါ သေဆုံးသူများထဲတွင် အသက် (၁၈) နှစ် အောက် ကလေးသူငယ် (၇) ဦး၊ အသက် (၁၈)နှစ်အထက် (၃၆)ဦး နှင့် ခွဲခြား၍ မရသောသူ (၄၇)ဦးတို့ ပါဝင်သည်။ ထိခိုက်ဒဏ်ရာရရှိသူမှာလည်း ဒေသအသီးသီးတွင် (၂၉၆)ဦး အထိရှိနေပြီး အသက်(၁၈)နှစ်အောက် ကလေးသူငယ်အရွယ်(၄၇)ဦး၊ အသက်(၁၈)နှစ်နှင့်အထက် (၇၀)ဦးနှင့် ခွဲခြား၍မရသောသူ (၁၇၉) ဦးတို့ ပါဝင်သည်။
ထို့အပြင် NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန မှတ်တမ်းအရ စစ်ကောင်စီလက်ချက်ကြောင့် ပြီးခဲ့ သည့် ဇွန်လအတွင်း မြန်မာနိုင်ငံအတွင်းရှိ ပြည်သူပိုင် နေအိမ် (၁၅၈) လုံး၊ စာသင်ကျောင်းပေါင်း (၁၂) ကျောင်းနှင့် ဘာသာရေးအဆောက်အအုံ (၂၁) လုံး ထိခိုက်ပျက်စီးခဲ့ရသည်။
အလားတူ ဇွန်လအတွင်း မြန်မာနိုင်ငံတဝှမ်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးအပါအဝင် အကြမ်းဖက်များကြောင့် အမျိုးသမီး ( ၃၄) ဦး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (Burmese Women’s Union-BWU)၏ ယမန်နေ့က ထုတ်ပြန်ထားသေးသည်။


















