ဇွန်လ ၂၇ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ဖူးခက်ခရိုင်/မြို့နယ်ရှိ ဖူးခက်လေဆိပ်နှင့် ပသောင်ကမ်းခြေများတွင် သံသယဖြစ်ဖွယ် ဖောက်ခွဲရေးပစ္စည်းများကို ထိုင်းအာဏာပိုင်များ ရှာဖွေပြီး ရှင်းလင်းနိုင်ခဲ့သည်ဟု Bangkok Post သတင်းဌာနတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့)က ဖူးခက်နိုင်ငံတကာလေဆိပ်၏ ဂိတ်ပေါက်တစ်ခု၏အနီးတွင် လက်လုပ်မိုင်းနှင့် အလားသဏ္ဍာန်တူသည့် အရာဝတ္ထုကို တွေ့ရှိပြီီးနောက် အာဏာပိုင်များက လေဆိပ်လုံခြုံရေးကို တင်းကျပ်ထားခဲ့ရသည်။
ဖူးခက်အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ စွန့်ပစ်ထားသော မော်တော်ဆိုင်ကယ်အတွင်းတွင် ယင်းပစ္စည်းကိုထည့်သွင်းခဲ့ပြီး လေဆိပ်အာဏာပိုင်များနှင့်အတူ ညွှန်ကြားရေးမှူး မွန်ချိုင် တာနော့ ကိုယ်တိုင် သွားရောက်ကွင်းဆင်းခဲ့ရသည်။ ထို့နောက်တွင် လေဆိပ်လုံခြုံရေးကို တင်းကျပ်လိုက်ကာ အခင်းဖြစ်ပွားရာ လေဆိပ်အနီး မီတာ ၂၀၀ ခန့်ကို ပိတ်ဆို့ပြီး ရှင်းလင်းရေးလုပ်ဆောင်နိုင်ခဲ့ဟု ဆိုသည်။
ယင်းဖြစ်စဥ်ကြောင့် ဖူးခက် လေဆိပ် လည်ပတ်မှုနှင့် လေကြောင်းလိုင်းများ အပေါ်သက်ရောက်မှုများမရှိခဲ့ကြောင်းကို ထိုင်းအာဏာပိုင်များက ထုတ်ပြန်သည်။

ထို့အပြင် ဇွန်လ ၂၆ ရက်နေ့နံနက်တွင်လည်း ပသောင်ကမ်းခြေအနီး သံသယဖြစ်ဖွယ် ဖေါက်ခွဲရေးပစ္စည်းတစ်ခုကို ထပ်မံရှာတွေ့ခဲ့သောကြောင့် အာဏာပိုင်များက ရှင်းလင်းခဲ့ရသေးသည်ဟုလည်း ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။
ပသောင်ဖြစ်စဥ်သည် ခရီးသွားများသွားလာလေ့ရှိသော လင်းပိုင်ဥယျာဥ်အနီး မီတာ ၂၀၀ လောက်တွင်ဖြစ်ပြီး ဖိအားမြင့် ရေအမြောက်များကို အသုံးပြု၍ ဖေါက်ခွဲရေးပစ္စည်းကို ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။
ဖူးခက်လေဆိပ်အနီး ဖေါက်ခွဲရေးပစ္စည်း ရှာတွေ့သော ဖြစ်စဥ်ကြောင့် လေဆိပ် အဝင်/အထွက် ပြုလုပ်သူများကို စစ်ဆေးခြင်းပြုလုပ်နေပြီး ပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းထားတဲ့အပြင် လေဆိပ်လုံခြုံရေးကို အထူးကြပ်မတ်လုပ်ဆောင်နေသည်ဟု Bangkok post တွင် ဖော်ပြထားသည်။
ကိုးကား – Bangkok Post



















