ဇွန် ၂၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကုန်ချိန် ဖမ်းဆီးခံရပြီး မြန်မာပြည်သို့ ပြန်ပို့ဆောင်ခံရစဉ် အဓမ္မ စစ်သားစုဆောင်း ခံရသည့် လူငယ် ၄ ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF မြိတ်ခရိုင်၊ တပ်ရင်း(၁) ထံသို့ ဇွန် ၁၈ ရက်နေ့တွင် ဘက်ပြောင်းခိုလှုံ လာသည်ဟု တပ်ရင်းက သတင်းထုတ်ပြန်သည်။
အဆိုပါ လူငယ်တပ်သား ၄ ဦးသည် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့အခြေစိုက် စစ်ကောင်စီ အမှတ်-၁၂ တပ်မတော်လေ့ကျင့်ရေးကျောင်း (တိုင်း ဗဟို-၁၂) ၏ စစ်မှုထမ်း အပတ်စဉ် (၁၁) သင်တန်းဆင်းများ ဖြစ်သည်ဟု မြိတ်ခရိုင် တပ်ရင်း (၁)က ပြောသည်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့အခြေစိုက် စစ်ကောင်စီ အမှတ်(၁၂) တပ်မတော်လေ့ကျင့်ရေး ကျောင်း (တိုင်း ဗဟို၁၂) ၏ စစ်မှုထမ်းအပတ်စဉ်(၁၁)အဖြစ် အတင်းအဓမ္မ စုဆောင်းခြင်းခံရသူ လူငယ်တပ်သား ၄ ဦး ပြည်သူ့ ကာကွယ်ရေးတပ်မတော်-မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းသို့ ဘက်ပြောင်းခိုလှုံလာသည်ဟု တပ်ရင်းက သတင်းထုတ်ပြန်သည်။
ထို့အပြင် မြိတ်ခရိုင်တပ်ရင်း (၁) အနေဖြင့် အတင်းအဓမ္မ စစ်မှူထမ်း ခိုင်းစေခြင်းခံရသူများကို အကောင်းဆုံး ကူညီ ဆောင်ရွက်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
အလားတူ ပြီးခဲ့သည့် ဇွန် ၂၁ ရက်နေ့တွင်လည်း ပုလောမြို့နယ် ဘုတ်ခြံ အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ-၁၇) မှ တပ်ကြပ်ကြီးစာရေး (အကူ)တစ်ဦးနှင့် ဒုတပ်ကြပ်ကြီးတစ်ဦးသည် MA 2 စက်ကလေး သေနတ် တစ်လက်၊ လက်ပစ်ဗုံး နှစ်လုံး၊ M14 နင်းမိုင်း တစ်လုံး၊ ကျည်ဘောက် ၁၅ ခု နှင့် ကျည်ဆံ ၇၉၀ တောင့်ကို ယူဆောင်ပြီး မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံသို့ ဘက်ပြောင်းခိုလှုံလာခဲ့သေးကြောင်း သိရသည်။
အဆိုပါနှစ်ဦးသည် စစ်ကောင်စီတပ်၏ ပြည်သူ့စစ်မှုထမ်း အခြေခံစစ်သင်တန်း အပတ်စဉ် -၂ တွင် အတင်းအဓမ္မ တပ်သား စုဆောင်းခံရသူဖြစ်ပြီးနောက် ခလ(၁၇) တွင် တာဝန်ထမ်းဆောင်နေသူများ ဖြစ်သည်ဟု မြိတ်ခရိုင် တပ်ရင်း(၁) က သတင်းထုတ်ပြန် ထားသည်။
အလားတူ ပြီးခဲ့သည့် ဇွန် ၁၉ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် အောက်ကင်းအခြေစိုက် ခမရ (၅၅၇) တပ်ရင်း က တပ်သား နှစ်ဦးသည် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ထံသို့ ဆက်သွယ်၍ ဘက်ပြောင်းခိုလှုံ လာခဲ့သေးသည်။



















