Home သတင်း ကမ္ဘောဒီးယားနှင့် ထိစပ်နေသော နယ်စပ်ဂိတ် ၁၆ ဂိတ်ကို ပိတ်ရန် ထိုင်းအစိုးရ စီစဥ်နေ

ကမ္ဘောဒီးယားနှင့် ထိစပ်နေသော နယ်စပ်ဂိတ် ၁၆ ဂိတ်ကို ပိတ်ရန် ထိုင်းအစိုးရ စီစဥ်နေ

584
Photo: Thai PBS World

ဇွန်လ ၂၃၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းအစိုးရသည် ကမ္ဘောဒီးယားနှင့် ထိစပ်နေသော အမြဲတမ်း နယ်စပ်ဂိတ် ၆ ခုနှင့် ယာယီဂိတ် ၁၀ ခုကို ပိတ်ပစ်ရန် စီစဥ်နေသည်ဟု Thai PBS World သတင်းဌာနက ယနေ့ ဖော်ပြထားသည်။

ထို့အပြင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော်မည့် ကမ္ဘာလှည့် ခရီးသည်များအတွက်လည်း ယာယီ နယ်စပ်ဖြတ်သန်းခွင့် ထုတ်ပေးခြင်းကို ဆိုင်းငံ့ထားသည်။

ထိုင်းအစိုးရ၏ ကမ္ဘောဒီးယားနယ်စပ်ပိတ်ဆို့မှုဆောက်ရွက်ချက်သည် နယ်စပ် တလျှောက်က ပြည် သူများ၏ လူမှုလုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးလုပ်ငန်းတွေအပေါ် သက်ရောက်နိုင်သော အခြေအနေများကို ထည့်သွင်းစဥ်းစားရန် လိုအပ်မည်ဟု နယ်စပ်သတင်းရင်းမြစ်တစ်ခုက ထောက်ပြထားသည်။

ထိုင်းအစိုးရ၏ ကမ္ဘောဒီးယားနှင့် နယ်စပ်ဂိတ်ပိတ်မည့်အစီအစဥ်သည် ထိုင်းနှင့် ကမ္ဘောဒီးယား ၂ နိုင်ငံ အကြား နောက်ထပ်ထိပ်တိုက်တွေ့နိုင်ခြေကို လျှော့ချရန် ဖြစ်ပုံရသည်ဟု Thai PBS World က ဖော်ပြထားသည်။

Photo: Thai PBS World

ထိုင်းအစိုးရက နယ်စပ်ဂိတ်များပိတ်ရန် စီစဥ်နေသည့်အတောအတွင်း ကမ္ဘောဒီးယားအာဏာပိုင်များက ထိုင်းနိုင်ငံ ချွန်ဆငန် မျက်နှာချင်းဆိုင်က အန်လောင်ဗန်ခရိုင်ဒေသန္တရ၊ ချွမ် စစ်ဆေးရေးဂိတ်ကို ဇွန်လ ၂၁ ရက်နေ့က ပိတ်ထားလိုက်ပြီဖြစ်သည်။

၎င်းဖြစ်စဥ်ကြောင့် ကမ္ဘောဒီးယားနိုင်ငံသား ၁၀၀ ကျော်နှင့် ကုန်တင်ယာဥ်များ သောင် တင်နေလျက်ရှိသည်။ လတ်တလောတွင် ထိုင်းအာဏာပိုင်များသည် သောင်တင်နေသော ကမ္ဘောဒီးယား နေရပ်ပြန်နိုင်ရန် သက်ဆိုင်ရာ ကမ္ဘောဒီးယားအာဏာပိုင်များနှင့် ညှိနှိုင်းပေးလျက်ရှိသည်။

နောက်ဆုံးအခြေအနေအရ ကမ္ဘောဒီးယားအာဏာပိုင်များသည် ယင်းနယ် စပ်ဂိတ်ကို ပိတ်ထားပြီး အခြားခရိုင်လမ်းကြောင်းမှတဆင့် နေရပ်ပြန်ရန် ညွှန်ကြားထားသည်ဟု Thai PBS World က ရေးသားထားသည်။