ဇွန် ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကျုံဒိုး-ကော့ကရိတ် အာရှလမ်းပိုင်းကို ပြန်ထိန်းချုပ်ရန် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်ကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များ ဇွန် ၁၉ ရက်နေ့တွင် ၇ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီက အကျအဆုံးများပြီး ၎င်းတို့ထံမှ သိမ်းဆည်းနိုင်ခဲ့သည့် လက်နက်များကို မွန်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်-MLA က ယနေ့ ထုတ်ပြန်လိုက်သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီ တပ်မ-၄၄ နှင့် ၅၅ လက်အောက်ခံတပ်များ စုဖွဲ့ စစ်ကြောင်းမှ ဒုတပ်ရင်းမှူး အဆင့်ရှိ ဗိုလ်မှူးတစ်ဦးနှင့် ၁၀ ဦးခန့် ဒဏ်ရာရရှိသွားပြီး ၃၀ ဦးထက်မနည်း ကျဆုံးသွားသည်ဟု MLA က ထုတ် ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲပြီးနောက် နယ်မြေရှင်းလင်းချိန်တွင် MA(1)၊ MA(2)၊ RPG ၊ RPG သီး၊ RPG ပို့ယမ်း၊ 60mm commando၊ ကျည်ဘောက်မျိုးစုံ၊ ကျည်မျိုးစုံ၊ ကျည်ကာဦးထုပ် စသည့် ရန်သူ့လက်နက်ခဲယမ်း မီးကျောက်နှင့် အသုံးဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု MLA က ပြောသည်။
ထို့အပြင် ဇွန် ၁၉ ရက်နေ့ တိုက်ပွဲတွင် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရခြင်း မရှိသော်လည်း စစ်ကောင်စီက ကျုံးဒိုး-ကော့ကရိတ်လမ်းပိုင်းကို စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံပြည်သူများ ဂရုတစိုက် သွားလာ၍ လက်နက်ကြီး၊ လေယာဉ်အသံများကို နားစွန့် သတိပြုနေထိုင်ရန်တော်လှန်ရေး တပ်ဖွဲ့ များက တိုက်တွန်းထားသည်။
စစ်ကောင်စီက ပြီးခဲ့သည့် သင်္ကြန်ကာလတွင် ၎င်းတို့လက်လွတ်ခဲ့ရသည့် ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို ပြန် ထိန်းချုပ်နိုင်ရေး ကျုံဒိုးမြိုမှ တစ်ဆင့် စစ်ကြောင်းထွက်ထိုးခြင်း၊ ကော့ကရိတ် စကခ-၁၂ ဘက်မှ စစ်ကြောင်း ထွက်ထိုးခြင်းများ ပြုလုပ်နေပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် မဟာမိတ် ပူးပေါင်း တပ်များက ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီတပ်များ ရှေ့မတိုးနိုင်သေးဟု မြေပြင် စစ်ရေး သတင်းရင်းမြစ်က ကေအိုင်စီသို့ ယမန်နေ့က ပြောဆိုထားသည်။




















