ဇွန် ၂၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ် ကျေးလက်ဒေသများတွင် ကလေးငယ်အကြား သွေးလွန်တုပ်ကွေ အဖြစ်များနေပြီး အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေအထိရှိနေကြောင်း ညောင်တုန်း ဒေသခံများက ပြောသည်။
အဓိက အားဖြင့် အသက် ၁၀ နှစ်အောက် ကလေးငယ်များတွင် အဖြစ်များနေပြီး တစ်ရွာလျှင် အနည်းဆုံး ၁၀ ဦးထက်မ နည်းဖြစ်ပွားကာ ရောဂါအခြေအနေပြင်းထန်မှုကြောင့် ရန်ကုန်မြို့ရှိ ဆေးရုံကို လွှဲပြောင်း ပို့ဆောင်ရ သည့် အခြေအနေအထိရှိနေကြောင်း အမည်မဖော်လိုသူ ကလေးမိခင်တစ်ဦးက ယခုလိုပြောသည်။
၎င်းက “ကျမတို့ရွာမှာပဲ ဆေးရုံတက်ရတာ ၃ယောက်၊ ၄ ယောက်လောက် ထိရှိတယ်။ အဲ့ထဲကမှ ၂ယောက်က ရန်ကုန် ဆေးရုံကြီးနဲ့ ရန်ကင်းကလေးဆေးရုံထိ တက်ပြရတယ်။ သွေးလွန်တုပ်ကွေး စဖြစ်တော့ ရွာက ဆရာ မတွေ နဲ့ ကုတာပျောက်မလိုလို နဲ့ ငုပ်သွားပြီး ပြန်ပြန်ဖြစ်လို့ နောက်တော့ မြို့ကဆေးရုံကို သွားပြတယ်။ ကလေး ကို အစာဖြတ်ပြီး ကုတာရက်တွေကကြာတော့ မစောင့်နိုင်တော့ပဲ ရန်ကင်းကလေးဆေးရုံကို ပို့လိုက် ရတယ်။ အဲ့ဒီ မှာ ၂ ရက်တက်ပြီးမှ ပြန်ဆင်းလာရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
သွေးလွန်တုပ်ကွေ ရောဂါပိုးသည် ခြင်ကိုက်ခြင်းမှတဆင့် ဖြစ်ပွားနေသောကြောင့် သက်ဆိုင်ရာ ကျေးလက် ကျန်းမာရေး တာဝန်ရှိသူများက ခြင်ပေါက်ဖွားနိုင်သည့် ရေသိုလှောင်ရာ နေရာများတွင် ပိုးလောက်လန်း သေစေသည့် ဆေးများ လိုက်လံထည့်ပေးလျက်ရှိသည်ဟု ကျန်းမာရေး တာဝန်ရှိသူများက ဆိုသည်။
သို့သော် ကျေးလက်ဒေသများတွင် ခြင်ပေါက်ဖွားနိုင်ရာ ခြုံနွယ် နှင့် ရေအိုင်ကွက်များစွာရှိနေသောကြောင့် ခြင်ပေါက်ဖွားခြင်းကို ကာကွယ်တားဆီးရန် မလွယ်ကူနိုင်ဘူးဟုလည်း ကျေးလက် ကျန်းမာရေး တာဝန် ရှိသူများက မှတ်ချက်ပြု ပြောဆိုသည်။
သွေးလွန်တုပ်ကွေ ရောဂါပိုးသည့် များသောအားဖြင့် အေးဒီး(စ်)ခြင်ကျား ကိုက်ခြင်းမှတဆင့် ဖြစ်ပွားနိုင်ပြီး ပုံမှန် ရောဂါ လက္ခဏာများအနေဖြင့် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေးပြာတွင် အနီစက်အဖုများ ထွက်ခြင်း၊ ကြွက်သား နှင့် အဆစ်များကိုက်ခဲခြင်း အပြင် ပြင်းထန် ရောဂါ လက္ခဏာများအနေဖြင့် သွေယိုစိပ်ခြင်း နှင့် သွေးဖိအား အလွန်ကျဆင်းခြင်းလက္ခဏာများ ဖြစ်ပေါ်စေနိုင်သည့် အပူပိုင်းဒေသ ရောဂါဖြစ်သည်။
ညောင်တုန်းမြို့နယ်တွင် နှစ်စဉ်သွေးလွန်တုပ်ကွေ ဖြစ်ပွားမှု ရှိသော်လည်း ယခုနှစ်တွင် ယခင်နှစ်များနှင့် မတူဘဲ အသက်အန္တရာယ် စိုးရိမ်ရသည့် ပြင်းထန် အဆင့်ရောဂါ လက္ခဏာများ အဖြစ်များနေကြောင်း ဒေသခံများက ပြောသည်။



















