Home သတင်း ကျိုက်ထိုတွင် စစ်ကောင်စီ၏ နှစ်ရက်ဆက်တိုက်လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ် များပျက်စီး

ကျိုက်ထိုတွင် စစ်ကောင်စီ၏ နှစ်ရက်ဆက်တိုက်လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ် များပျက်စီး

660
Photo- CJ

ဇွန်လ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နှစ်ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်သောကြောင့် ပြည်သူပိုင်နေအိမ်(၂)လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ ပြောဆိုချက်များ အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ၂၆ ရက်နေ့တွင် ကျိုက်ထိုမြို့နယ်ရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တောင်ငူ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၅၉၈)က (၈၁)မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဝင်းကံ ကျေးရွာအတွင်း လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ရွာခံ စောအားထူးနေအိမ် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ဇွန်လ(၂၅)ရက်နေ့ နံနက်ခင်းပိုင်းတွင်လည်း စစ်ကောင်စီအမြောက်တပ်မှ (၁၂၀)မမ(၄)လုံး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျဉ်းကတိုးကုန်းကျေးရွာအုပ်စု ပိန္နဲကုန်းရွာတဝိုက်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့သော်လည်း ဒေသခံများထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

Photo- CJ

ထို့အပြင် နေ့ခင်းပိုင်းအချိန်တွင်လည်း ၎င်းစစ်ကောင်စီတပ်များမှ(၁၂၀)မမ လက်နက်ကြီး ထပ်မံပစ်ခတ်မှုကြောင့် ဇီးပြောင်းကျေးရွာအုပ်စုထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဇီးပြောင်း(၁)ရွာမှ ဦးဝင်းဖေနေအိမ်တစ်လုံး ထပ်မံ၍လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ရသည်။

စစ်ကောင်စီတပ်များမှ ကျိုက်ထိုမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်မှုများ အလျင်းသင့်သလို လုပ်ဆောင်သောကြောင့် အရပ်သား ထိခိုက်သေဆုံးမှုနှင့် နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးမှု မကြာခဏ ဖြစ်ပွားလျက်ရှိသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။